ကန္တာရဝတီတိုင်း ( မ် )
၂၀၂၅ နှစ်သစ်ကစလို့ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးအလုံးရေ ၁၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ပြည်သူတွေဟာ နေ့စဉ် စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီအခြေစိုက် ခလရ ( ၁၀၂ ) တပ်က လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပါသေးတယ်။ စားဝတ်နေရေးအတွက် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက လမ်းမကြီးဘေးတစ်လျှောက်မှာ နေ့စဉ် ကုန်ဈေးတန်းရောင်းပြီး ဝမ်းရေးဖြေရှင်းနေရတဲ့ ဒေသခံတွေလည်းရှိပါတယ်။ လက်နက်ကြီးရန် ၊ လေကြောင်းရန် စိုးရိမ်မှုကြားက ဈေးရောင်းနေကြတဲ့ ဒေသခံတချို့ရဲ့ စကားသံကို တင်ပြပေးလိုက်ပါတယ်။
စိုးမိုး ( အသက် ၃၃ နှစ်အရွယ် )
“ကျမတို့က စျေးရောင်းနေတဲ့အချိန်ဆိုတော့ ဆိုင်တော့ မပိတ်သေးဘူးပေါ့နော်။ အဲ့ဒါ စကားပြောရင်းနဲ့ စိတ်ထဲမှာလည်း နီးနီးနားနားပဲ အသံလည်းကျယ်တယ်ဆိုတော့ ကြောက်တယ်။ ကြောက်စိတ်တွေတော့ ဖြစ်ပေါ်တယ်။ ကိုယ်ကလည်း ဒီအချိန်မှာ ညကြီး ညတာလည်းဖြစ်နေတော့ ထပြေးဖို့လည်း အဆင်မပြေတော့ ဒါပေမဲ့ ကျင်းပုန်းတော့ရှိတယ်ပေါ့နော်။ စိတ်ထဲမှာတော့ စိုးရိမ်ပူပန်စိတ်တွေတော့ ရှိတာပေါ့။ ကြောက်တာတော့ စိုးရိမ်တာတော့ ဘယ်ချိန်ပစ်မလဲ ဘယ်ချိန်ထုလာမလဲ လေယာဉ်တွေဘယ်ချိန်လာကြဲမလဲဆိုတော့ အမြဲတမ်း တွေးပြီးတော့ စိတ်ပူတယ်။ ဒါပေမဲ့ မျက်စိရှင်ရှင် နားရှင်ရှင် ထားတယ်ပေါ့နော်။ စားဝတ်နေရေးကလည်း ဒီအလုပ်လုပ်မှ အဆင်ပြေမှာဆိုတော့ ကြောက်စိတ်တွေတော့ ရှိပေမဲ့လို့လည်း ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရတယ်။ စိုးရိမ်တော့ စိုးရိမ်တယ်ပေါ့။”
ဒေါ်သန် ( အသက် ၄၅ နှစ်အရွယ် )
“ကြောက်စိတ်တော့ ရှိတယ်လေ။ ဒါပေမဲ့လည်း အဲ့လိုမျိုးမလုပ်ဘူးဆို အလုပ်မှမရှိဘူးကော။ အလုပ်မရှိမှ အဲ့မျိုးပဲ နည်းနည်းပါးပါးပဲ ထိုင်ရောင်းတာပေါ့။ ဒါပေမဲ့ လက်နက်ကြီးကျတဲ့ချိန်ဆို အဲ့ဒါတော့ ကြောက်တယ်လေ။ လက်နက်ကြီးလာဆို ကြောက်ပြီး အဲ့မျိုးပဲ ထိုင်ပုန်းတယ်ပေါ့နော။ နောက် လေယာဉ်သံကြားရင် မြောင်းထဲမှာပဲ ပြေးသွားတယ်လေ။ မြောင်းထဲမှာပဲ သွားပုန်းနေတယ်ပေါ့။ လက်နက်ကြီးအသံကြားရင် မြောင်းထဲမှာပဲ ပုန်း အဲ့မျိုးပေါ့။ မြောင်းမှာပုန်း နောက်မကြားတဲ့ချိန်ဆို ဆိုင်ထဲမှာပဲပြန်ဝင်ထိုင်၊ အဲ့မျိုးပေါ့လေ။ နားထောင်ကြည့်မှ အဲ့မျိုးပဲ ပုန်းရတယ်လေ။”
မငဲ ( အသက် ၃၇ နှစ်အရွယ် )
“မပျော်ဘူး ပြောရမှာပေါ့ ကလေးနဲ့တစ်ဖက်ကော။ ကလေးနဲ့တစ်ဖက်ဆို တုန် တယ်လေး။ ဘာဖြစ်လဲဆို စားရတာနဲ့ အန္တရာယ်နဲ့ဆို မတန်ဘူး ပြောရမှာပေါ့ တစ်ခါတစ်လေဆို။ နောက် ကြောက်တယ် တုန်တယ်။ ကလေးကိုတော့ ခေါ်လိုက်တာနောက် ကလေးကို ဆွဲလိုက် ခနနေ ခနေဆိုမှ ကလေးဆို လက်နာတယ် အမေတဲ့ သူပြောတယ်။ လန့်တဲ့အခါ ကိုယ့်ကလေးကို ဖြစ်သလို ဆွဲထုတ်လိုက်တယ်လေး။ အိပ်တဲ့အချိန်ပဲဖြစ်ဖြစ် ထတဲ့အချိန်ပဲဖြစ်ဖြစ် ကိုယ်ဖြစ်သလိုပဲဆွဲတဲ့အခါ နောက် ကလေးနာတဲ့အချိန်ဆိုရင်လည်း ကိုယ်လည်းမသိတော့ဘူးလေး အဲ့လိုမျိုးဖြစ်တယ်။ စျေးရောင်းရတယ်၊ ဘာဖြစ်လဲဆို ခဏနေ ကိုယ်လည်း ဒီနိုင်ငံရေးဆို ဘယ်အချိန်မှပြီးမှာလည်းမသိ၊ ကိုယ်လည်း မစားရမှာကိုလည်း စိုးရိမ်ရတာပေါ့နော်။ နောက် ကြောက်ကြောက်နဲ့ ကိုယ်ရောင်းရမယ်။ တစ်ရက်ဆိုလည်း တစ်ရက်၊ တစ်လဆိုလည်း တစ်လ၊ အဲ့လိုမျိုးပြောရမှာပေါ့။”
မိုးခိုင် ( အသက် ၃၈ နှစ်အရွယ် )
“စျေးသာမရောင်းရင်တော့ ကိုယ်က ဘာအလုပ် ဘယ်လိုလုပ်စားပြီးမှ ဘယ်လိုပြောမှာလဲ အလုပ်အကိုင်မရှိတဲ့ခါကျတော့ ဘာနဲ့စားမှာလဲပေါ့နော်။ ကိုယ့်မိသားစုကို ဘာကျွေးမွေးရမှာလဲ၊ အဲ့လိုမျိုးလဲပေါ့နော်။ ကိုယ့်စိတ်ဓာတ်က အဲ့လိုမျိုးပဲ ရှိတယ်ပေါ့နော်။”