spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေရပ်ပြန်နေကြတဲ့ ဒေါငံခါး စစ်ရှောင်တွေ ပြန်လည် စစ်ရှောင်ရ၊ နေအိမ်တွေကို စစ်ရှောင်စခန်းဆီ ဖျက်ယူသယ်ဆောင်သူတွေရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ငွေတောင်အခြေစိုက် ခလရ(၁၀၂) တပ်ကနေ အနီးအနားက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်အတွင်း ပြန်လာနေထိုင်ကြတဲ့ ဒေသခံတွေဟာ စစ်ရှောင်စခန်းကို ပြန်လည်ပြောင်းရွေ့နေကြရပြီး နေအိမ်အလုံးလိုက်သယ်ယူသွားကြသူတွေရှိသလို၊ အိမ်ဖျက်ယူသယ်ဆောင်ပြီး စစ်ပြန်ရှောင်နေကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့အတွင်း နေအိမ်ကို အလုံးလိုက်ဖျက်ယူသယ်ဆောင်သွားတာ အနည်းဆုံး ၁၀ လုံးရှိတယ်လို့ စစ်ရှောင်အရေးဆောင်ရွက်နေတဲ့ ပြည်ကံ့ကော်စစ်ရှောင်ကူညီရေးအဖွဲ့ဝင် ကိုပြည့်စုံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အဓိက လက်နက်ကြီးကြောင့်ပေါ့။ ဒီရက်ပိုင်းအိမ်တော်တော်များများ အိမ်အလုံးလိုက်သယ်နေတာတွေ့တယ်။ မရှိဘူးဆိုရင်တောင် ၁၀လုံးလောက်ရှိမယ်။ တချို့ကတော့အိမ်ဖျက်ပြီး သယ်နေတာလဲတွေ့ရတယ်။ ကျနော်သိသလောက်တော့ သူတို့အရင်ရှောင်တဲ့ စစ်ရှောင်စခန်း ဖက်ကိုပဲ ပြန်သယ်သွားတယ်လို့သိရတယ်။”လို့ ပြည်ကံ့ကော်စစ်ရှောင်ကူညီရေးအဖွဲ့ဝင် ကိုပြည့်စုံက ဆိုပါတယ်။

ခလရ ၁၀၂ ကနေ ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်နေတဲ့အပြင် စစ်ကြောင်းထိုး ရောက်ရှိလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့မှာလည်း ခလရ ၁၀၂တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီးမော့ဆို အရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ကာ ၁၂နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတွေဖက်ကို လက်နက်ကြီးပစ်ခတ်မှုတွေ မလုပ်တာကြာပြီဖြစ်ပေမဲ့ ဩဂုတ်လအတွင်းမှာပဲ ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်နေတာပါ။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကနေ ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးဘေးတစ်လျှောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာပါတယ်။ စစ်ကြောင်းသွားရင်းတစ်လျှောက်မှာလည်း နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ခဲ့တာရှိပြီး ဩဂုတ်လအတွင်း နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ စက်တင်ဘာလ ၃ ရက်နေ့မှာ KNDF က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts