spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို-တောင်ငူ လမ်းမပေါ်ရှိ ဇလဲ တံတား မိုင်းခွဲခံရပြီးတဲ့နောက် သွားလာရေးခက်ခဲနေပြီး ကုန်စည်ပြတ်လပ်မှာကို စိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ဖက်ကို ကုန်စည်စီးဆင်းနေတဲ့ အဓိကလမ်းဖြစ်တဲ့ တောင်ငူ – ဒီးမောဆို လမ်းမပေါ်မှာရှိတဲ့ ဇလဲ တံတားမိုင်းခွဲခံရပြီးတဲ့နောက် ကုန်စည်စီးဆင်းမှု ခက်ခဲသွားတာကြောင့် စစ်ရှောင်လူထုတွေအပြင် စစ်ရှောင်ကူညီဆောင်ရွက်ရေးအဖွဲ့တွေအနေနဲ့ ရိက္ခာသယ်ယူရေးနဲ့ပတ်သက်ပြီး အခက်ခဲ‌တွေ ပိုမိုရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေဆီကနေ သိရှိရပါတယ်။

ကုန်စည်စီးဆင်းနိုင်ဖို့ လမ်းကြောင်းအခက်အခဲကြောင့် ကုန်စျေးနှုန်းမြင့်မားမှုထက် ကုန်စည်ပြတ်လပ်တာက အခက်အခဲပိုဖြစ်စေတယ်လို့ ပြည်ကံ့ကော်စစ်ရှောင်ကူညီရေးအဖွဲ့မှ ကိုပြည့်စုံ က ကန္တာရဝတီတိုင်း(မ်) ကို အခုလိုပြောပါတယ်။

“ကုန်တွေက စျေးနှုန်းတက်တာထက်ပေ့ါနော် ပြီးခဲ့တဲ့ရက်တွေဆို ဝယ်ယူရတာ အဆင်မပြေဘူး။ လိုချင်တဲ့ဟာတိုင်း ဝယ်လို့မရနေတော့ ပိုခက်ခဲတာ‌ပေါ့။ ဆိုင်မှာပြတ်လပ်နေတာမျိုးတို့ ။ ရှိတဲ့ဆိုင်ကလည်း စျေးတက်ကုန်တာမျိုးလည်းရှိတယ်။ သွင်းကုန်မရှိတော့တာလည်းပါမယ်။ ကုန်ခြောက်တွေလည်း ပြတ်တဲ့ဆိုင်က ပြတ် စျေးတက်တာကတက်ပေါ့။ အရင်က ရေဘေးကြောင့် သွားလာရေးအဆင်မပြေတာက တစ်ပိုင်း အခုက လမ်းပိတ်တာက တစ်ပိုင်းပေါ့။ ဆိုတော့ အခုလို တံတားဖျက်စီးတာနဲ့လည်း ဆိုင်တယ်။ ပိုလည်းခက်ခဲတာပေါ့”လို့ ကိုပြည့်စုံက ပြောပါတယ်။

လိုအပ်တဲ့ ကုန်စည်တွေ ဝယ်ယူလို့မရတော့ပဲ စစ်ရှောင်တွေဆီသွားရောက် မလှူဒါန်းနိုင်သေးတဲ့အခြေအနေဖြစ်နေပြီး စစ်ရှောင်လူထုတွေဆီကနေ ရိက္ခာလိုအပ်နေကြောင်း တောင်းဆိုလာမှုတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ကိုပြည့်စုံက ဆက်ပြောပါတယ်။

ကုန်စည်တင်သွင်းဖို့ ခက်ခဲသွားတာကြောင့် ကုန်စျေးနှုန်းမြင့်မားမှုတွေကို လူထုတွေ ရင်ဆိုင်နေကြရဦးမယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ ထွန်းမြန်မာဒိုနေးရှင်းအဖွဲ့ဝင် ကိုဖိုးဇော်က ပြောပါတယ်။

ဓါတ်ပုံ – ထွန်းမြန်မာ ဒိုနေးရှင်း

“သေချာတာတစ်ခုကတော့ ဒီလမ်းကြောင်းကို မှီခိုစားသောက် နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်တွေကို ထပ်ပြီးခံကြရဦးမှာပါပဲ” လို့ ထွန်းမြန်မာဒိုနေးရှင်းအဖွဲ့ဝင် ကိုဖိုးဇော်က ဆိုပါတယ်။

အဆိုပါ တံတားဟာ သြဂုတ်လအတွင်းက တစ်ကြိမ် မိုင်းခွဲခံရခဲ့ပေမဲ့ အနည်းငယ်သာ ပျက်စီးခဲ့ပြီး ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာနိုင်သေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၄) ရက်နေ့ ည (၁၁) နာရီဝန်းကျင်မှာ မိုင်း (၄)လုံးနဲ့ ထပ်မံမိုင်းခွဲ ခံရတဲ့အချိန်မှာတော့ တံတားကျိုးကျပျက်စီးသွားခဲ့တာကြောင့် ဖြတ်သန်းသွားလာလို့ မရသလို စစ်ဘေးရှောင်ကူညီရေးအတွက်လည်း သွားလာရေး အခက်အခဲရှိနေတယ်လို့ ကိုဖိုးဇော်က ပြောပါတယ်။

အဆိုပါ တံတားကို မည်သူမည်ဝါက မိုင်းခွဲကြောင်းကိုတော့ မသိရှိရဘူးလို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

spot_img
spot_img

Recent posts