spot_imgspot_imgspot_imgspot_img
Tuesday, February 4, 2025
spot_imgspot_imgspot_imgspot_img

“ သက်တမ်းကုန်ဆုံးရက်မရှိတဲ့ မြေမြုပ်မိုင်း”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတဝန်းမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေ တတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ခံစားရသူ ၈၈၉ ဦးရှိတယ်လို့ UNICEF မြန်မာ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့ အခြားပေါက်ကွဲတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ကြောင့်လည်း ထိခိုက်သေဆုံးသူ (၁၀၀၃) ဦးရှိခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာမှာ ၃ နှစ်ဆက်တိုက် မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ အများဆုံးနေရာမှာရှိနေခဲ့တဲ့ ဆီးရီးယားကို မြန်မာက ကျော်တက်သွားတယ်လို့ မြေမြုပ်မိုင်းလှုံ့ဆော်ရေး အဖွဲ့ (ICBL) က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီမှာလည်း အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အထိ မြေမြုပ်မိုင်း ကြောင့် ထိခိုက်သေဆုံးသူ ၁၀၀ ဝန်းကျင် ရှိတယ်လို့လည်း IEC ရဲ့ စာရင်းအရ သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေဆဲ ကရင်နီဒေသမှာ ပြည်သူတွေဟာ မြေမြုပ်မိုင်းတွေရှိနေနိုင်တဲ့ တိုက်ပွဲကြားဖြစ်စေ၊ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရာဖြစ်စေ အဆင်ပြေသလို သွားလာနေထိုင်နေကြရပါတယ်။

မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် လူနဲ့ တိရစ္ဆာန်တွေရဲ့ ခြေလက်တွေကို ဆုံးရှုံးစေတာ၊ နား၊ မျက်စိ စတာတွေကို ကန်းစေတာကို ဖြစ်နိုင်ပါတယ်။

ဒါတွေအပြင် လူတွေရဲ့ ကိုယ်လက်အင်္ဂါသာမက အသက်ကိုပါ ဆုံးရှုံးနိုင်တဲ့ မြေမြုပ်မိုင်းဟာ သက်တမ်းကုန်ဆုံးရက် ဆိုတာ မရှိပါဘူး။ ဒါကြောင့် သက်တမ်းကုန်ဆုံးရက်မရှိတဲ့ မြေမြုပ်မိုင်းကို ဘယ်လိုရှောင်ရှားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

မြေမြုပ်မိုင်းဆိုတာဘာလဲ

မြေမြုပ်မိုင်း(Land mine) ဆိုတာ ပုံသွင်းထားတဲ့ ယမ်းဘီလူး (သို့မဟုတ်) အခြားပေါက်ကွဲစေနိုင်တဲ့ အရာတခုကို အဆင့်ဆင့်ဖြင့် ပေါက်ကွဲစေရန် ပြုလုပ်ထားသော လက်နက်ပစ္စည်း တခုဖြစ်ပါတယ်။

မိုင်းတလုံးဟာ ယမ်းဘီလူး၊ ဓာတ်ငွေ့၊ လောင်စာရည်၊ လောင်စာဆီ စတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး
စနက် (Fuse)၊ စနက်တံ (Detonator) ၊ အားမြှင့်ယမ်း (Booster) ၊ပင်မယမ်း (Main Charge)၊ မိုင်းကိုယ် ထည်(Body) ဆိုပြီး ဖွဲ့စည်းထားတာပါ။

မိုင်းတလုံးရဲ့ အကြီးအသေးပေါ်မူတည်ပြီး လူ၊တိရစ္ဆာန်တွေ အသက်သေစေနိုင်တဲ့အထိ ဖြစ်စေနိုင် သလို ယာဉ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်။

မြေကြီးအောက်မှာရှိတဲ့ မြေမြုပ်မိုင်းဟာ အချိန်မရွေးပေါက်ကွဲဖို့အတွက် အဆင်သင့်ရှိနေတာကြောင့် အရမ်းကို အန္တရာယ်များပါတယ်။ ဒါတွေအပြင် မိုးကြီးတာ၊ မြေပြိုတာ၊ ရေကြီးတာတွေကြောင့်လည်း နေရာရွှေ့ပြောင်းနိုင်ပါသေးတယ်။

ဒါကြောင့် မြေမြုပ်မိုင်းကို တွေ့ရှိခဲ့ရင် မထိ၊ မကိုင်၊ နေရာမရွှေ့ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြောင်းကြားဖို့ မြေမြုပ်မိုင်းကိုရှင်းလင်းပေးတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတယ် KNDF တပ်ရင်း ၁၀ မှရဲဘော်တဦးက ပြောပါတယ်။

“မြေမာသွားပြီဆိုရင် နင်းလို့မရတော့ဘူး ဒါပေမဲ့ ဒီမြေ ပြန်ပျော့လာတဲ့အခါကျရင် ပြန်နင်းမိတာတို့ ဘာတို့ဆိုလည်း ပြန်ပေါက်နိုင်တာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ မီးရှို့တာတို့ဖြစ်ဖြစ်ပေါ့နော။ အဲလိုမျိုးဆိုပေါက်နိုင်တာတွေလည်း တွေ့ရတယ်လေနော။ အဲခါကျတော့ ကျနော်တို့နယ်မြေ၊ ကျတော်တို့ ဒီစစ်ကောင်စီတပ်ဆွဲထားပြီးတဲ့နေရာမျိုးမှာဆို ကျနော်တို့မီးရှို့တာဘဲဖြစ်ဖြစ် နောက်ပြီးတော့ ကျနော်တို့ ကန့်သတ်ထားတဲ့နယ်မြေမှာဖြစ်ဖြစ် လက်ရှိအခြေအနေမှာ ကျနော်တို့အများကြီး သတိပြုဖို့လို တယ်” လို့ သူကပြောပါတယ်။

ကရင်နီပြည်က စစ်မြေပြင်တွေမှာ ဘယ်လိုမိုင်းအမျိုးအစားကို အသုံးပြုလေ့ရှိသလဲ။

မြေမြုပ်မိုင်းအမျိုးအစားဖြစ်တဲ့ M 14 မိုင်းနဲ့ MM-2 (ဒေသအခေါ် ၁၆ မိုင်း) တို့ကို အာဏာသိမ်းပြီး နောက်ပိုင်း အများဆုံးတွေ့ ရတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။

M 14 မိုင်းအမျိုးအစားဟာ လက်ဖဝါးတဆုပ်စာရှိပြီး သေးငယ်တဲ့ မြေမြုပ်မိုင်း အမျိုးအစား ဖြစ်ပါတယ်။ အရွယ်အစား အချင်း ၂ လက်မ၊ အမြင့် ၂ လက်မ ရှိတဲ့ M 14 မိုင်းဟာ အလေးချိန် ၆ ကျပ်ခွဲသားကနေ ၇ ကျပ်သားအထိ ရှိပါတယ်။

M 14 မိုင်းရဲ့ အစိတ်အပိုင်းကို ပလပ်စတစ်နဲ့ အများဆုံးထုတ်လုပ်ထားပြီး သတ္တုအနည်းငယ်ပဲ ပါဝင်တာကြောင့် ရှာဖွေရခက်ခဲတဲ့ မိုင်းအမျိုးအစားတခုလည်းဖြစ်ပါတယ်။

ဒါတွေအပြင် အလွန်သေးငယ်တာကြောင့် ရေပေါ်မှာ ပေါလောမျောပါနိုင်ပါတယ်။ ရေလုံတာကြောင့် လည်း မိုးရွာပြီးရေကြီးတဲ့အခါမျိုးတွေမှာ ရေစီးနဲ့အတူ မျောပါနိုင်သလို ဝေးလံတဲ့အခြားနေရာကို ရွှေ့လျားနိုင်ပါတယ်။

MM-2 မိုင်း(16 မိုင်း)ဟာ မိုင်းဟာ M 14 မိုင်းထက် အရွယ်အစားပိုကြီးသလို ပေါက်ကွဲအားလည်း ပိုမိုပြင်းထန်ပါတယ်။

“အဲဒီ (၁၆) မိုင်းခါကျတော့ အများအားဖြင့် ခြေထောက်နှစ်ဖက်ရယ်၊ နောက်ပြီးတော့ တခါတလေဆို ဟိုပေါင်အထိပေါ့နော၊ အများကြီးထိခိုက်မှု ဒီပေါင်ကြားအထိပျက်ဆီးသွားတဲ့ ဟာမျိုးတွေရှိတယ်။” လို့ သူကရှင်းပြပါတယ်။

M-14 အမျိုးအစားဟာ နင်းမိသူရဲ့ ခြေကျင်းဝတ်အောက်ပိုင်း ပြတ်တောက်သွားအောင် ပေါက်ကွဲ ပျက်စီးသွားစေပြီး၊ MM-2 အမျိုးအစား မြေမြုပ်မိုင်းက နင်းမိသူရဲ့ ဒူးခေါင်းအောက်ပိုင်းအထိ ပြတ်တောက်သွားစေတဲ့အတွက် နင်းမိသူဟာ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

မြေမြုပ်မိုင်းအန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ

ကရင်နီပြည်က တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေ၊ စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာတွေမှာ မြေမြုပ်မိုင်းကို အများဆုံးတွေ့ရပါတယ်။ လူနေအိမ် ခြံဝင်းတွေထဲ၊ နေအိမ် အဝင်ပေါက်၊ အိမ်သာအနီးလို နေရာတွေနဲ့ ကျေးရွာကနေ တောင်ယာသွားတဲ့လမ်းတွေမှာ ထောင်ထားတာ အများဆုံးတွေ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ဖို့အတွက် ပတ်ဝန်းကျင်ကိုလေ့လာပြီး နိုးနိုးကြားကြား နေရပါမယ်။ သံသယဖြစ်ဖွယ်ပစ္စည်းတွေကို ကိုင်တွယ်တာ၊ ပစ်ပေါက်တာ မပြုလုပ်သင့်ပါဘူး။

ကလေးငယ်တွေကို မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေအကြောင်း ပြောပြထားရပါမယ်။ ဒါတွေအပြင် မရင်းနှီးတဲ့အရာတွေကို ကိုင်တွယ်ဆော့ကစားတာတွေ မပြုလုပ်ဖို့ သင်ကြား ပေးရပါမယ်။

ကရင်နီမှာ တော်လှန်ရေးတပ်ဖွဲ့တွေကနေပြီး မြေမြုပ်မိုင်းကို ရှင်းလင်းထားတာရှိပေမဲ့ ပစ္စည်း ကိရိယာမစုံလင်တာနဲ့ တတ်ကျွမ်းပညာရှင်တွေ မဟုတ်တာကြောင့် မြေမြုပ်မိုင်းတွေ ကျန်ရှိနေနိုင်ပါတယ်။ ဒါ့အပြင် မရှင်းလင်းနိုင်သေးတဲ့ နေရာတွေမှာ (ကန့်သတ်နယ်မြေတွေမှာ) မသွားလာကြဖို့ KNDF တပ်ရင်း ၁၀ မှရဲဘော်တဦးက အသိပေးထားပါတယ်။

“အဓိက ကျနော်တို့ ကန့်သတ်ထားတဲ့ နယ်မြေ စစ်ကောင်စီတပ်ဆွဲထားတဲ့နယ်မြေတွေမှာ သတိထား ပြီးတော့မှ အရေးမကြီးရင် မသွားသေးတာ အကောင်းဆုံးပေါ့။ နောက်ပြီးတော့ ဥပမာတချို့တွေပေါ့ နော် မိုင်းဆိုတဲ့ဟာမျိုးက အလုံးသေးသေးလေးနော အဲသေးသေးလေးတခုမှာ တချို့က သူများပြော လေ့ရှိတဲ့ စကားတခုရှိတယ်။ သူများသွားပြီးပြီဘဲ သွားလို့ရတယ် မိုင်းမရှိဘူးဆိုတဲ့ဟာမျိုးပေါ့နော အဲတခုက အရမ်းမှားတယ်” လို့ တပ်ရင်း၁၀ ရဲဘော်တဦးကပြောပါတယ်။

ဒါတွေအပြင် “တောထဲ (ဒါမှမဟုတ်) ခြံကွက်ထဲ မီးလောင်ပြီးသွားခဲ့ရင် မြေမြှပ်မိုင်းလည်း ပေါက်ကွဲပြီးသွားပြီ” ဆိုတာ မှားယွင်းတာဖြစ်တယ်လို့ သူက ဆက်လက်ရှင်းပြပါတယ်။

“မိုင်း ဆိုတာက မြေအောက်မှာပဲ ရှိတဲ့အတွက် အပေါ်ယံမီးလောင်သွားပြီး မပေါက်ကွဲတဲ့ဟာမျိုးလည်း ရှိတယ်နော်။ ဒါတွေက လက်တွေ့ပေါ့”

မိုင်းပေါက်ကွဲပြီးတဲ့ နေရာတဝိုက်မှာ တခြားမိုင်းတွေလည်း ရှိနိုင်တဲ့အတွက် ပတ်ဝန်းကျင် အနေအထား ကို သေချာလေ့လာဆန်းစစ်ခြင်းမရှိဘဲ မိုင်းထိတဲ့သူကို အလောတကြီး သွားရောက်ကယ်ဆယ်တာမျိုး မပြုလုပ်မိဖို့ သတိပြုရမှာ ဖြစ်ပါတယ်။

ကိုးကား- UNICEF Myanmar , Wikipedia.

spot_img
spot_img
spot_img

Recent posts