spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

ရှေ့တန်းမိုင်းရှင်းတဲ့ “ဗိုလ်နေတိုး ”

Author

Date

Category

ကေးဒူ/ကန္တာရာဝတီတိုင်း(မ်)

“ရွာထဲဖြစ်ဖြစ် လမ်းထဲပဲဖြစ်ဖြစ် စရှင်းပြီဆို ခြေ၊ လက်၊ ခန္နာကိုယ်တစ်ခုလုံးကို ရင်းပြီးတော့ မိုင်းရှင်းရတာ ဖြစ်တဲ့အတွက် ဒါကတော့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်တယ်ပေါ့။”

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ ရှေ့တန်းမိုင်းရှင်းလင်းသူတစ်ဦးဖြစ်လာခဲ့တဲ့ ဗိုလ်နေတိုးက ပြောပြလာတာပါ။

ဗိုလ်နေတိုးဟာ စစ်တပ်အာဏာ မသိမ်းယူခင်မှာ မုဆိုးမ မိခင်၊ မွေးချင်း ၂ ယောက်နဲ့အတူ သာယာတဲ့ မိသားစုကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့ကြတာပါ။ မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်တဲ့ ဗိုလ်နေတိုးဟာ လယ်ယာအလုပ်ကို လုပ်ကိုင်ပြီး “အကိုကြီး အဖအရာ”ဆိုသလို အဖေနေရာကို ပခုံးပြောင်းတာဝန်ထမ်းဆောင်နေရသူ တစ်ဦးပါ။

စစ်တပ်အာဏာသိမ်းယူလိုက်တဲ့အချိန်မှာတော့ သူတို့နေထိုင်ရာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ကလေးဟာ စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲခဲ့ရတာကြောင့် သူနဲ့သူရဲ့မိသားစုဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာပါ။

စစ်တပ်ရဲ့ လုပ်ရပ်ကို သဘောမကျတဲ့ ဗိုလ်နေတိုးကတော့ မိသားစုအရေးထက် အမျိုးသားရေးကို ရွေးချယ်ပြီး ရရာလက်နက်ကို စွဲကိုင်တော်လှန်ဖို့ တော်လှန်ရေး လမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့ပါတော့တယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၀)မှာ တပ်ခွဲ(၁) ရဲ့ တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေရင်း ရဲဘော်ရဲဘက်တွေ ကျဆုံးတာ မြင်တွေ့ခဲ့ရသလို မိုင်းနင်းမိကြတဲ့ မြင်ကွင်းတွေကိုလည်း မကြာခဏ မြင်တွေ့ခဲ့ရတာပါ။

မိုင်းနင်းမိကြတဲ့ မြင်ကွင်းကို ဗိုလ်နေတိုးတစ်ယောက် အမြဲတမ်း မြင်နေ၊ ကြားနေရတာကြောင့် သူ့ကို မိုင်းရှင်းလင်းသူ အဖြစ် ပြောင်းလဲစေခဲ့တဲ့ အဓိကကြောင်းအရင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

မိုင်းရှင်းလင်းသူ တစ်ယောက် မဖြစ်လာခင်မှာ သူဟာ မိုင်း ဆိုတဲ့ အရာကို အင်မတန်မှ ကြောက်ရွံ့နေသူ တစ်ဦးပါ။ ရှေ့တန်းအတွေ့အကြုံတွေများလာတဲ့ ဗိုလ်နေတိုးတစ်ယောက် မိုင်း ဟာ မဖြစ်မနေ ရှင်းလင်းသင့်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတဲ့အသိနဲ့ ဒီလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ အကြောင်း အခုလိုပဲ ပြောပါတယ်။

“ဘာကြောင့် မိုင်းရှင်းတဲ့ အလုပ်ကိုရွေးချယ်ခဲ့တာလည်းဆိုတော့ ဒီအလုပ်ကို မလုပ်ခင်က မိုင်းဆိုတဲ့ အရာကို ကျနော် အရမ်းကြောက်ခဲ့တယ်။ ကျနော်တို့ ရဲဘော် မျက်စိရှေ့မှာ မိုင်းထိတာကိုလည်း ကြုံတွေ့ခဲ့ရတယ်။ နောက်ပိုင်းက မိုင်းရှင်းတာက မဖြစ်မနေ လုပ်ရမယ့်အလုပ်တစ်ခုဖြစ်တယ်ဆိုတဲ့ အသိနဲ့ ကျနော်ကြိုးစားခဲ့တယ်။ ကြောက်စိတ်ဖျောက်ပြီးတော့ မိုင်းရှင်းတဲ့ အလုပ်ကို ရွေးချယ်ခဲ့တယ်” လို့ သူက ပြောပါတယ်။

မိုင်း ရှင်းလင်းရေးလုပ်ဆောင်သူ တစ်ယောက်ဖြစ်တဲ့အတွက် စက်ပစ္စည်းကိရိယာတွေ အစုံအလင်နဲ့ ရှင်းနေလိမ့်မယ့်လို့ လူတိုင်းမြင်ကြပါလိမ့်မယ်။ တကယ်တမ်းလက်တွေ့မှာတော့ စက်ပစ္စည်းအစုံအလင်မရှိပါဘူး။ မိုင်းရှာဖို့အတွက် ထွန်ခြစ်သဏ္ဍန်ပြုလုပ်ထားတဲ့ သံထည်လေးတစ်ခုနဲ့ ဓားမြောင် တစ်လက်သာရှိတာကြောင့် မိုင်းကွင်းတွေထဲမှာ အသက်ကိုဖက်နဲ့ထုပ်ပြီး ကြိုးစားလုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။

ထွန်ခြစ် သဏ္ဍာန် မိုင်း ရှာတဲ့ ကိရိယာတစ်ခုရနိုင်ဖို့အတွက် သံတိုသံစ၊ ဂဟေ ဆော်တဲ့ ဆိုင်ကိုသွားပြီး ထွန်ခြစ်ပုံစံလေး ပြုလုပ်ကာ ဝါးကိုင်းတပ်ဆင်ရပါတယ်။ တခါတလေမှာလည်း ထွန်ခြစ်တောင်မပါပဲ ဓားနဲ့ပဲ ရှာဖွေနေကြတယ်ဆိုတဲ့ အကြောင်း ဗိုလ်နေတိုးက အခုလို ပြောပြပါတယ်။

“မိုင်းရှင်းတဲ့ ကိရိယာ အဆင့်မြင့် ပစ္စည်းတွေတော့ မရှိဘူး။ အဲ့ဒါတော့ အခက်အခဲရှိတယ်။ မိုင်းရှင်းတဲ့ ပစ္စည်းတွေဆို ကိုယ့်ဘာသာ လုပ်ရတယ်။ ထွန်ခြစ်ကို ဝါးတွေနဲ့ သွားဆော်တယ်။ အချွန်လေးလုပ်တယ်။ အဲ့ဒါနဲ့ပဲရှာတယ်။ ပြီးတော့ ဓားနဲ့ပေါ့” လို့ ဗိုလ်နေတိုးက ပြောပါတယ်။

သာမန်လူတွေအဖို့တော့ မိုင်းကို ရှင်းလင်းဖို့ နေနေသာသာ မိုင်း ဆိုတဲ့အသံကြားရုံနဲ့ လူတွေကို အတော်လေး ထိတ်လန့်စေတဲ့ အရာတစ်ခုပါ။ မိုင်း ကြောင့် ဘဝပျက်ခဲ့ရတဲ့ ရဲဘော်တွေ၊ ပြည်သူတွေဟာ မနည်းတော့ပါဘူး။ ဗိုလ်နေတိုးဟာ တော်လှန်ရေးကာလအတွင်း မိုင်းပေါင်း အလုံးရေ (၇၀) ကျော်ကို တစ်ဦးတည်း ရှင်းလင်းနိုင်ခဲ့တာပါ။

“သူမိုင်းရှင်းတဲ့ ပုံစံက လုံးဝ စိတ်ချလို့ မရဘူး။ ထွန်ခြစ်တို့ ဓားတို့နဲ့ပဲ ရှာဖွေနေကြတာ။ အခန့်မသင့်ရင် အချိန်မရွေး ထကွဲမှာပဲ။ ဒါပေမယ့် တုန်ဆိုင်းမှု(ကြောက်ရွံ့တုန်လှုပ်ခြင်း)မရှိပဲ လုပ်ရဲတဲ့ သူ့ရဲ့ သတ္တိကိုတော့ လေးစားတယ်” လို့ ဗိုလ်နေတိုး မိုင်းရှင်းလင်းတာကို အမြဲတစေ တွေ့မြင်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စက်ပစ္စည်းကိရိယာတွေကို ဝယ်ယူဖို့ အလှူရှင်တွေသာရှိခဲ့ရင် ကျနော်တို့လို မိုင်းရှင်းတဲ့ သူတွေအတွက် အန္တာရယ်ပိုကင်းမယ်လို့ ဗိုလ်နေတိုးက အခုလို ပြောထားပါတယ်။

“နောက်ပိုင်း မိုင်းရှင်းတဲ့နေရာတွေဆို အန္တာရာယ်တွေ ပိုကင်းအောင် အဆင့်မြင့်တဲ့ စက်ပစ္စည်းတွေရှိရင် ပိုပြီးတော့ ဆင်ပြေတာပေါ့။ တကယ်လို့ ရခဲ့ရင်တော့ ပိုပြီးတော့ လုံခြုံတာပေါ့” လို့ ဗိုလ်နေတိုးက ပြောပါတယ်။

ကရင်နီပြည်မှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီ တပ်စွဲခဲ့ဖူးတဲ့နေရာတွေ၊ ကျေးရွာတွေမှာ မိုင်း တွေကို ထောင်ထားခဲ့လေ့ရှိပါတယ်။ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေကြောင့် ကရင်နီပြည်ထဲက စစ်ရှောင်ပြည်သူလူထုတွေ (၁၀၀) ဦးအထိ ထိခိုက်မှုရှိနေပြီလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ အတွင်းရေးမှုး(၂) ဦးဗညားက အခုလို ပြောပါတယ်။

“အခြားတစ်ဖက်ကလည်း ဒီကျနော်တို့ သေဆုံးသူကတော့ ၁၀ ကျော်တယ်ပေါ့နော်။ ၁၅ ၊ ၁၆ ဝန်းကျင်လောက်ရှိတယ်လို့ ကျနော်တို့ အကြမ်းဖျင်းတော့ သိထားတယ်ပေါ့နော်။ အဲ့ဒါက သေဆုံးဦးရေပေါ့နော်။ ပေါင်းလိုက်ရင် ဒီအရပ်သားကတော့ ထိခိုက်ဒဏ်ရာရတာကတော့ ၇၀၊ ၇၅ ဝန်းကျင်ပေါ့။ ကျနော် ထင်တာကတော့လေ ကျနော်တို့ လက်လှမ်းမီတဲ့ဟာနဲ့ ပေါင်းလိုက်ရင်တော့ (၁၀၀) ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရ ၊ သေဆုံးမှုတွေ ရှိနေတယ်လို့ ပြောလို့ရတယ်” လို့ ဦးဗညားက ပြောပါတယ်။

မိုင်းရှင်းလင်းသူ ဗိုလ်နေတိုးကတော့ မိုင်းတစ်လုံးဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေနိုင်တာကြောင့် စစ်ကောင်စီတပ်စွဲခဲ့ဖူးတဲ့နေရာတွေ လမ်းကြို၊ လမ်းကြားတွေ ၊ တားမြစ် ဧရိယာတွေမှာ မိဘပြည်သူတွေအနေနဲ့ မသွားလာကြဖို့ကို သတိပေး ပြောဆိုထားပါတယ်။ သူရှင်းလင်းပေးလိုက်နိုင်ခဲ့တဲ့နေရာတွေမှာ အများပြည်သူတွေ အန္တာရာယ်ကင်းကင်းနဲ့ သွားလာနိုင်တာကြောင့် သူ့အနေနဲ့ ပီတိ ဖြစ်ကြောင်းကို အခုလိုပဲ ပြောပါတယ်။

“ကိုယ်မိုင်းရှင်းပေးတဲ့ သူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ပြည်သူတွေအတွက်လည်း လုံခြုံသွားတယ်။ ကျနော်တို့အတွက်လည်း သွားလာရ အဆင်ပြေသွားတယ်။ ပျော်တယ်။ ပီတိဖြစ်တယ်။ ကျနော်တို့လည်း ရွာတွေမှာ မိုင်းဝင်ရှင်းပေးတယ်။ ခြံဝတွေမှာ ပြီးတော့ လမ်းကြားတွေမှာ ကျနော်တို့ အတတ်နိုင်ဆုံး ရှင်းပေးသွားတယ်။ သူတို့လည်း အိမ်ပြန်လာနိုင်တယ်။ ရွာထဲမှာ အလုပ်ပြန်လုပ်နိုင်ကြတယ်။ သွားလာရ ဆင်ပြေကြတယ်။ လုံခြုံတယ်။ ကိုယ်လည်း ပျော်တယ်ပေါ့နော်။” လို့ ဗိုလ်နေတိုးက ပြောပါတယ်။

spot_img
spot_img

Recent posts