ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသက ဘုရားတောင် လယ်နွဲ့ကျေးရွာအနီးအနားကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်စစ်ရှောင်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။
“၂ဦးသေသွားတာပေါ့နော်။ တစ်ဦးက ဒေသခံ၊ နောက်တစ်ဦးက လွိုင်ကော်ကနေ စစ်ရှောင်လာသူကတစ်ဦးပေါ့။ ထိခိုက်သွားတဲ့ သူတွေထဲမှာလည်း တစ်ဦးက အသက်စိုးရိမ်ရတယ်။ “ လို့ အင်းလေးဒေသ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖယ်ခုံမြို့နယ်အနောက်ခြမ်းက သစ်ပင်ကောက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNA) ပူးပေါင်းတပ်က ပစ်ခတ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
![](https://www.kantarawaddytimes.org/wp-content/uploads/2025/02/signal-2025-02-06-100700_002-768x1024.jpeg)
သေဆုံးသူ ၂နှစ်ဦးကတော့ ဘုရားတောင်လွယ်နွဲ့ကျေးရွာမှာ နေထိုင်တဲ့ အသက် ၇၄ နှစ်အရွယ် ဦးပြားနဲ့ လွိုင်ကော်ကနေ စစ်ဘေးတိမ်းရှောင်လာသူ အသက် ၄၄ နှစ် အရွယ် ကိုဖိုးဝဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် လူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူ ၇ဦးရှိပြီး တစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ကျေးရွာအပြင် စစ်ရှောင်စခန်းရှိရာကိုလည်း လက်နက်ကြီးပစ်ခတ်ခဲ့ပြီး တစ်ရက်အတွင်း လက်နက်ကြီးအလုံးရေ၂၀ ဝန်းကျင် ပစ်ခတ်ခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း အဆိုပါ ဘုရားတောင်လယ်နွဲ့ကျေးရွာအနီးအနားကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ပြည်သူ ၃ဦး သေဆုံးခဲ့ကာ ၁၄ ဦးဒဏ်ရာရှိတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။