spot_imgspot_imgspot_imgspot_img
Thursday, December 12, 2024
spot_imgspot_imgspot_imgspot_img

“ကရင်နီကို စစ်ကောင်စီလေတပ်က ဘယ်လိုတိုက်ခိုက်နေလဲ”

Author

Date

Category

မူဖိလစ်စတာ/ ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီဟာ ကြည်းတပ်ထက် အရပ်ဘက်၊ စစ်ဘက်ပစ်မှတ် မခွဲဘဲ တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုကို အားပြုနေပါတယ်။ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ဇူလိုင်လ ၂၀၂၄ ခုနှစ်အထိ ကရင်နီမှာ လေကြောင်းတိုက်ခိုက်မှု ၁၆၅၅ ကြိမ်ရှိပြီး အရပ်သား ၄၉ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူတစ်ဦးက ကန္တရာ၀တီတိုင်းမ်ကို ပြောပါတယ်။ အမျိုးသား ၃၁ ဦး ၊ အမျိုးသမီး ၁၀ ဦး နဲ့ ကျား/မ မသိသေးသူ ၈ ဦးရှိတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဥ် ကရင်နီမှာ သုံးခုရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ( KnHRG ) တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

ဒီး‌မော့ဆိုမြို့နယ် ဒေါဆီးအီစာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား လေးဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ်၊ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ဗုံးကြဲမှုကြောင့် အရပ်သား ခြောက်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဥ်၊ ဖရူဆိုမြို့နယ် ရီခီးဘူးကျေးရွာကို ဗုံးကြဲမှုကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်းစအချိန်ကစလို့ ဧပြီလ ၂၀၂၄ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၂၉၅ ဦးရှိတယ်လို့ ဉာဏ်လင်းသစ် သုသေတန အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ် ပထမ လေးလ အတွင်း လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် အစုလိုက် အပြုံလိုက် သေဆုံးတဲ့ဖြစ်စဥ်လည်း ၂၃ ခု ရှိခဲ့ပြီး သေဆုံးသူ ၁၆၈ ဦးရှိတယ်လို့ လည်း ဆိုပါတယ်။

ကရင်နီပြည်အတွင်း စစ်ကောင်စီ အသုံးပြုတဲ့လေယာဥ်များ

ရုရှားနဲ့တရုတ်ကဝယ်ထားတဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို အများဆုံးအသုံးများ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

SU 30 ဘက်စုံသုံးတိုက်လေယာဉ်၊ MiG 29 SE တိုက်လေယာဥ်၊ FTC -2000G၊ Mi-35P ရဟတ်ယာဥ် ၊ Y- 12 သယ်ယူပို့ဆောင်ရေးယာဥ်၊ K 8W လေ့ကျင့်ရေးယာဥ်၊ Yak- 130 လေ့ကျင့်ရေးလေယာဥ်၊ Mi -17 ရဟတ်ယာဉ်တွေကို ကရင်နီတိုက်ပွဲတွေမှာ အသုံးပြုလေ့ရှိပါတယ်။

ရှမ်းတဲလေတပ်စခန်း နဲ့ တောင်ငူလေတပ်စခန်းက လေယာဉ်တွေ အများဆုံးအသုံးပြုပြီး နေပြည်တော် လေတပ်စခန်းကတော့ ရံဖန်ရံခါ တိုက်ခိုက်မှု ပြုလုပ်နေတာဖြစ်တယ်လို့ လေတပ် CDM တပ်ကြပ်ကြီးဇေယျက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားလေးဦး သေဆုံးခဲ့ရတဲ့ ဒေါဆီးအီ စာသင်ကျောင်းမြင်ကွင်း။ ( ဓါတ်ပုံ – ကန္တာရဝတီတိုင်း (မ် ))

ရှမ်းတဲလေတပ်စခန်းက မန္တလေးတိုင်းဒေသကြီးမှာ တည်ရှိကာ ကရင်နီနဲ့ အနည်းဆုံး ကားလမ်း မိုင် – ၂၀၅ အကွာအဝေးရှိပြီး တောင်ငူလေတပ်စခန်းက ၁၃၅မိုင်၊ နေပြည်တော် လေတပ်စခန်းက ၁၇၉ မိုင် အကွာအဝေး ရှိနေပါတယ်။

ရှမ်းတဲလေတပ်စခန်းက မန္တလေးတိုင်းဒေသကြီး အခြေစိုက်တပ်စခန်းဌာနချုပ်ဖြစ်ပြီး K- 8W၊ FTC -2000G လေယာဥ်တွေ ရှိပါတယ်။ တောင်ငူလေတပ်စခန်းမှာ MiG -29 SE ၊K-8W လေယာဥ်တွေ ရှိပြီး နေပြည်တော်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ SU 30 တိုက်လေယာဥ်ရှိပါတယ်။ ဒါပေမဲ့ လေယာဥ်တွေကို အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး အတည်တကျထားလေ့မရှိဘဲ စခန်းပြောင်းရွေ့ပြီး အသုံးပြုတတ်ပါတယ်။

စစ်ကောင်စီတပ်လေယာဥ် ပျက်စီးဆုံးရှုံးမှု အခြေအနေ

ကရင်နီတော်လှန်ရေးတပ်တွေက K-8W တိုက်လေယာဥ် နှစ်စင်းကို ပစ်ချနိုင်ခဲ့ပြီး နှစ်စင်းလုံးက တောင်ငူလေတပ်စခန်းက ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ဇွန်လ ၃၀ ရက်နေ့ မှာ တစ်စင်း ၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မှာ တစ်စင်း ပစ်ချနိုင်ခဲ့တာပါ။

ဒါ့အပြင် Mi -17 ရဟတ်ယာဥ် တစ်စင်းကိုလည်း မေလ ၆ရက်နေ့ ၂၀၂၄ ခုနှစ် မှာပစ်ချခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကိုသယ်ဖို့ လာနေစဉ်မှာ ပစ်ချခံရတာ ဖြစ်ပါတယ်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ကနေ ပစ်ချနိုင်တဲ့ စစ်ကောင်စီရဟတ်ယာဉ် အပျက်အစီး။ (ဓါတ်ပုံ – NUG)

“လေယာဥ်လာတိုင်းလေယာဥ် ပျက်ကျပါစေလို့ ဆုတောင်းမိတာတော့ ရှိတယ်ပေါ့နော။ ဆုတောင်းမိတာ ကျမတစ်ယောက်ထဲ မဟုတ်ဘူးထင်တယ်။ လူတိုင်းဆုတောင်းနေမှာပဲပေါ့”လို့ ကရင်နီ ဒေသခံတဦးက ပြောပါတယ်။

အလားတူပဲ ချင်းပြည်နယ် ဟားခါးမြို့အနီးမှာ မတ်လ ၂၉ ရက်နေ့ ၂၀၂၂ ခုနှစ်တုန်းက Mi 17 ရဟတ်ယာဥ် တစ်စင်း ပျက်ကျခဲ့ပါသေးတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလည်း Mi 17 ရဟတ်ယာဥ်တစ်စင်းကို ဇန်နဝါရီလ ၃ ရက်နေ့ ၂၀၂၄ ခုနှစ်မှာ ပစ်ချနိုင်ခဲ့ပါတယ်။

စစ်ကောင်စီလေတပ်မှာ လေယာဥ် ၂၈၁ စင်းနဲ့ ရဟတ်ယာဥ် ၁၀၂ စင်း စုစုပေါင်း ၃၈၃ စင်းခန့်ရှိတယ်လို့ ဝီကီပီးဒီးယားက ဖော်ပြထားပါတယ်။ ဒါပေမဲ့တကယ်အသုံးပြုနိုင်တဲ့ လေယာဉ်အရေအတွက် အင်မတန်နည်းတယ်လို့ ပြည်တွင်းပြည်ပ စစ်ဘက်လေ့လာသူများက ပြောပါတယ်။

လေယာဥ် အစိတ်အပိုင်းပျက်စီးတာ ၊ အစိတ်အပိုင်း မစုံလင်တာ၊ ပြုပြင်နေဆဲလေယာဥ်တွေအပြင် ပျက်ကျတာ ၊ ပစ်ချခံရတာတွေကြောင့် လေတပ်မှာ ရှိနေတဲ့အမျိုးအစားအားလုံးရဲ့ အရေအတွက် ၃၀ ရာခိုင်နှုန်းကိုပဲ တော်လှန်‌ရေးကာလမှာ အသုံးပြုနိုင်လိမ့်မယ်လို့ တပ်ကြပ်ကြီး ဇေယျက ခန့်မှန်းပြောဆိုထားပါတယ်။

“သူတို့မှာ အခုနောက်ပိုင်း ပိုဆိုးတာက လေယာဥ်တွေမှာ အင်ဂျင် သက်တမ်းကုန်တာတွေ ထိခိုက်မှု‌တွေ အများကြီးဖြစ်လာတာ ဖြစ်တယ်”

ရှေ့တန်းမှာစစ်တပ်ရဲ့ လေယာဥ်အသုံးပြုမှုက ဘာတွေဖြစ်လာနိုင်လဲ

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ ကဖော်ဆောင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လေယာဥ် အသုံးပြုတာကလည်း သိသိသာသာ တိုးလာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ပထမ လေးလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ် ၈၁၉ ခု ရှိတယ်လို့ ဉာဏ်လင်းသစ်အဖွဲ့က ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်‌ရေးတပ်တွေကြား မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာပါ။ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ မကွေး၊ တနင်္သာရီ၊ မန္တလေး၊ ပဲခူး၊ ချင်း၊ ရှမ်း၊ မွန်၊ ကရင်၊ ကရင်နီ စတဲ့ ဒေသတွေမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။

(၇၂)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်တဲ့  စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဓါတ်ပုံ – Myanmar Military)

လတ်တလောမှာ လေယာဥ်အသုံးပြုနေတာက လေတပ်အပေါ် သိသာတဲ့ ပြဿနာမဖြစ်သေးပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ လေယာဥ် စက်ချို့ယွင်းတာတွေက လေတပ်အတွက် စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့ လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။

“ကျနော်တို့ ယူဆတဲ့ဟာတော့ အချီကြီးဖြစ်လိမ့်မယ်။ ကျနော်တို့ပစ်မချပဲနဲ့ သူ့ဟာသူပျက်ကျတဲ့ ဖြစ်စဥ်မျိုးကတော့ မကြာခင် ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ယူဆတယ်။ ဘာကြောင့်လဲဆို သုံးတာက အလွန်အကျွံကို အတိုင်းထက်လွန်ကို သုံးနေရတဲ့ ပုံစံမျိုးပေါ့နော။ လေတပ်ရဲ့ သမိုင်းမှာ မရှိသလောက်အောက်ကို ရှိသမျှလေယာဥ်တွေကို အတိုင်းထက်အလွန် သုံးနေတဲ့ ပုံစံမျိုးကို တွေ့ရလို့ပါ။”လို့ သူက ပြောဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts