spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

ဘီလူးချောင်းရေပြန်ကျပြီး‌နောက် ချောင်းဘေးတစ်လျှောက်မှာ မြွေ အန္တာရာယ်များလာ

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲရေကာတာကနေ စီးဆင်းနေတဲ့ ဘီလူးချောင်းတစ်လျှောက်မှာ အောက်တိုဘာလ အတွင်းရေပြန်ကျလာပေမဲ့ မြွေဟောက် အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရာဂီမုန်တိုင်းအရှိန်နဲ့အတူ ဖယ်ခုံအင်းရေလွှတ်ချမှုကြောင့် ဘီလူးချောင်းဘေးမှာရှိနေတဲ့ နောင်ခိုက်စစ်ရှောင်စခန်းမှာ စစ်ရှောင်စခန်းတစ်ခုလုံး ရေနှစ်မြှုပ်သွားခဲ့ပြီး မြွေဟောက်အပါအဝင် အမျိုးအမည် မသိတဲ့ မြွေတွေကိုလည်း စစ်ရှောင်တဲတွေမှာ များစွာတွေ့လာရတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ တဲလို့ပြောလို့ရတယ်။ အိမ်လို့ပြောလို့ရတယ်။ ပြန်သွားကြည့်တော့ ကျနော့်တဲထဲမှာ မြွေနှစ်ကောင်တောင် တွေ့ရတယ်ပေါ့နော။ ကျနော်တို့စခန်းမှာ ကျနော်တို့ပြန်နေတာတောင်မှ မြွေကိုဘယ်လို တိုက်ခိုက်ရမလဲ ဘယ်လို ဖြေရှင်းရမလဲ ကျနော်တို့စဥ်းစားဖို့လိုနေပြီ” လို့ စစ်ရှောင်ဒေသခံတစ်ဦးကပြောပါတယ်။

စက်တင်ဘာလအတွင်းမှာပဲ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ရွာသားကယ်ဆယ်ရေးသမားတစ်ယောက် မြွေဟောက်ပေါက်ခံရခဲ့ပြီး ဆေးခန်းအမှီပို့နိုင်ခဲ့လို့ အသက်အန္တရာယ်တော့ စိုးရိမ်ရမှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကစလို့ မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ (၄၂၂) တပ်က မိုးဗြဲရေကာတာ ရေဖောက်ချခဲ့တာဖြစ်ပြီး ရေကာတာနဲ့အဆက် ဘီလူးချောင်းတစ်လျှောက်ရေနှစ်မြှုပ်နေခဲ့တာပါ။ အဲဒီနောက် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ထပ်မံရွာသွန်းတာကြောင့် ရေလွှမ်းမိုးနှုန်း ပိုမိုမြင့်တက်လာနေခဲ့တာပါ။

၃ လအကြာရေလွှမ်းမိုးခံရတာကြောင့် ချောင်းဘေးရှိ နောင်ခိုက်စစ်ရှောင်စခန်းတစ်ခုလုံး ရေနစ်မြှုပ်သွားခဲ့ပြီး စစ်ဘေးရှောင်တွေက သူတို့နေထိုင်ရာကျေးရွာထဲကို ပြန်လည်ရွေ့ပြောင်းနေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုကျတော့ မြွေဟောက်‌တွေ တော်တော်ပေါတယ်။ ကျနော်တို့သတိထားပြီးသွားရတာပေါ့။ အခုရေမြှုပ်ထားတဲ့ တဲတွေဆိုလို့ရှိရင်လည်း ကျ‌နော်တို့မဝင်ရဲသေးဘူးပေါ့နော။ ဘာဖြစ်လဲဆို ကင်းမြွေ အန္တရာယ်ပြောရမလား။ ပြီးတော့ ကြွက်တွေလည်းပေါတယ်ပေါ့။ အဲလိုမျိုးကျနော်တို့ စခန်း ကျနော်တို့ ပြန်နေဖို့ဆိုလည်း မဖြစ်နိုင်သေးဘူး” လို့‌ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

နောင်ခိုက်စစ်ရှောင်စခန်းမှာ စစ်ရှောင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိတယ်လို့ စစ်ရှောင်ဆီက သိရပါတယ်။

ရွာထဲ ရွေ့ပြောင်းနေထိုင်ပေမဲ့ ဒေသခံတွေနဲ့အတူ ပါလာတဲ့ အိမ်မွေးကြက်တွေက မြွေကြောင့် သေဆုံးနေကြသလို ကြက်ဥတွေကိုလည်း မြွေတွေက လာစားလေ့ရှိတယ်လို့ ပြောပါတယ်။ ရွာထဲမှာ မြွေတွေအပြင် ၅၀ သား အ‌လေးချိန်ရှိတဲ့ ကြွက်တွေလည်း ပေါများလာပြီး စစ်ကောင်စီ တပ်စွဲခဲ့တဲ့ ကျေးရွာဖြစ်တာကြောင့် မိုင်းအန္တရာယ်တွေလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ – NMG

spot_img
spot_img