spot_imgspot_imgspot_imgspot_img
Thursday, December 26, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်က တိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာက ဒေသခံတွေရဲ့ ပစ္စည်းယူဆောင်ပြီး နေအိမ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်က အောက်တိုဘာလ နောက်ဆုံးပတ်ကစပြီး ဖယ်ခုံ – ပင်လောင်းနယ်စပ်က တိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာက ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေလုပ်ဆောင်နေတယ်လို့ ဗန်းမောက်ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေဟာ ဟိုဝိုး၊ ဆောင်လန်၊ လွိုင်ကျိုင်း ကျေးရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပင်လောင်း-ဖယ်ခုံနယ်စပ်မှာရှိတဲ့ ဗန်းမောက်၊ ကုန်းပေါ၊ ဆောင်လန်၊ လွိုင်ကျိုင်း၊ ပင့်စုံ၊ လွယ်ဖွီး၊ ယာစပ်၊ နားမွန်း၊ နမ့်ဖာမူ စတဲ့ ကျေးရွာတွေနဲ့အနီးအနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ တစ်လကျော်ကြာမြှင့်နေပြီလို့ သိရပါတယ်။

“ဟုတ်တယ် ပြည်သူပိုင်နေအိမ်တွေကို မီးလိုက်ရှို့နေတာရှိပါတယ်။အထူးသဖြင့် တိုက်ပွဲရှိတဲ့ ကျေးရွာတွေမှာဆို အရင်ဆုံး နေအိမ်အတွင်းကျန်တဲ့ပစ္စည်းတွေကို ခိုးယူပြီး မီးရှို့သွားတာ။ ဘာကြောင့် ရှို့တာတို့ ဘယ်လောက်ထိ ရှို့လိုက်တာတို့က မသိရဘူး။”လို့ ဗန်းမောက် ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရှိနေတာကြောင့် သတင်းအချက်အလက် ရယူဖို့ ခက်ခဲနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“မီးရှို့မှုကြောင့် နေအိမ်ပျက်စီးမှုအခြေအနေ အရေအတွက်ကို‌တော့ အတည်မပြုနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ မြေပြင်မှာ သွားလာလို့ မရသေးဘူး၊ နောက်တခုက ဖုန်းလိုင်း အင်တာနက်လိုင်း မရသေးတဲ့အတွက်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို စောင့်ကြည့်ရအုန်းမယ်။” လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကစပြီး အခုလို တိုက်ပွဲအတွင်း နေအိမ်မီးရှို့မှုတွေကို စစ်ကောင်စီတပ်က လုပ်ဆောင်နေလျက်ရှိတယ်လို့ ဆိုပါတယ်။ အလားတူ ဖယ်ခုံမြို့နယ်က ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ဖက် အကျအရှုံးများတဲ့အခါ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ခြိမ်းခြောက်နိုင်ဖို့အတွက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးလေ့ရှိတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

ဖယ်ခုံ – ပင်လောင်းနယ်စပ်ဖက်မှာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ဒေသခံတွေ သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရသလို အကူအညီ လိုအပ်လျက်ရှိနေပါတယ်။

၂၀၂၄ခုနှစ် ဇွန်လ ၂၃ ရက် ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ ရက်ပေါင်း(၁၆၈) ရက်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း၊ညောင်ရွှေမြို့ နယ်အတွင်းမှာ လက်နက်ကြီး နဲ့ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုအပြင် မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သား နေအိမ် (၁၀၃၅) လုံး ပျက်စီးခဲ့တယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်တဲ့ PYO ရဲ့ စာရင်းအရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts