ကန္တာရဝတီတိုင်း(မ်)
ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ကယားရိုးရာ ဂေးလာ (တောလိုက်ခြင်း) ဓလေ့ကို ကရင်နီပြည်၊ ဖရူဆိုမြိုနယ် အရှေ့ဘက်ခြမ်းက ကျေးရွာ တစ်ရွာမှာ ဒေသခံတွေနဲ့ စစ်ရှောင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
ဩဂုတ်လ ၅ ရက်နေ့မှာ ကြက်ရိုးထိုးပြီး ပြီး ဩဂုတ်လ ၇ ရက်နေ့အထိ တောလိုက်တာကို ပြုလုပ်ခဲ့ပေမဲ့ အမဲမရလာတဲ့အတွက် ဂေးလာ က မအောင်မြင်ဘူးလို ဦးဆောင်ပြုလုပ်သူ ဦးတော့ရယ်ကပြောပါတယ်။
“ကယားရိုးရာ အရဆိုရင် ဒီတောလိုက်ခြင်း မရတာဟာ ဆန်ရေစပါးမထွက်တာ တစ်ပိုင်း၊ ပြီးတော့ ကျေးရွာက လူထုပဲဖြစ်ဖြစ် ဒီတောကောင်မရတာက ပိုမိုဖျားနာကြတယ် ပေါ့၊ ဒါက ရှေးကတည်းက မိရိုးဖလာအရ ဒီလိုရှိတာပေါ့” လို ဂေးလာ ဦးဆောင်သူ ဦးတော့ရယ်က ဆိုပါတယ်။
ရိုးရာဓလေ့ကို ယုံကြည်သက်ဝင်သူတွေကတော့ အခုလို ဂေးလာ(တောလိုက်ခြင်း) မအောင်မြင်တာဟာ တိုင်းပြည်မအေးချမ်းတာ၊ အနာရောဂါကျရောက်တာ အပြင် ဆန်ရေစပါး အထွက်နည်းတာတွေဖြစ်နိုင်တယ်လို ယုံကြည်ကြပါတယ်။
ဂေးလာကို ကျေးရွာလူထုတွေရဲ့ တောင်ယာ၊လယ်ယာ တွေကို ထွန်ယက်စိုက်ပျိုးပြီးချိန်မှာ ပြုလုပ်လေ့ရှိတာပါ။
“တောလိုက်တာ ဒီတိုင်းသွားလိုမရဘူး၊ ကြက်ရိုး ဗေဒင် ကြည့်ပေးရတယ်၊ ဘာဖြစ်လိုလဲ ဆိုတော့ တောလိုက်တာကို ထိခိုက်ဒဏ်ရာတွေ မဖြစ်အောင်၊ ကြက်ရိုး ဗေဒင်အောင်မြင်မှသာ ဂေးလာ (တောလိုက်ခြင်း) ပြုလုပ်ရတယ်။”လို ဦးတော့ရယ်က ဆိုပါတယ်။
ဂေးလာ (တောလိုက်ခြင်း) ပြုလုပ်နေတဲ့ ရက်တွေအတွင်းမှာ ကျေးရွာအတွင်းက လူထုတွေအနေနဲ့ တောင်ယာ၊လယ်ယာလုပ်ငန်းတွေ၊ ရေခပ်သွားတာတွေ၊ စပါးထောင်းတာတွေကို မပြုလုပ်ဖို တားမြစ်ထားပါတယ်။
“ဟုတ်တယ်၊ အလုပ်မလုပ်ရဘူး၊ တောင်ယာ မသွားရဘူး၊ ပေါက်ပြား မပေါက်ရဘူး၊ ဘာဖြစ်လုပ်လဲဆိုတော ပေါက်ပြားပေါက် တာဟာ တောကောင်ရဲ့ ခြေရာ ပိတ်တယ်၊ အဲတာကြောင့် လမ်းမပွင့်ဘူးပေါ့။၊ ဒါ ရှေးရိုးအဆိုပေါ့၊” လို ဦးတော့ရယ်က ပြောပါတယ်။
ဖရူဆို၊ အရှေ့ဘက်ခြမ်းရှိ ကျေးရွာရဲ့ ကျေးရွာတိုင်းနီးပါးဟာ နှစ်စဥ် နှစ်တိုင်း နွေရာသီ တောလိုက်၊ ငှက်လိုက်ပွဲ၊ ငါးဖမ်းပွဲစတာတွေ နှစ်စဥ် ပြုလုပ်နေကြပါတယ်။
ဒါပေမဲ့ ဂေးလာလိုခေါ်တဲ့ (တောလိုက်ခြင်း) ဓလေ့ကိုတော့ မပြုလုပ်နိုင်ပဲ ပစ်ပယ်တာ နှစ်တော်ကြာခဲ့ပြီး ယခုနှစ်မှာပဲ မဖြစ်မနေ ပြန်လည် ပြုလုပ်ကြတာပါ။