spot_imgspot_imgspot_imgspot_img
Monday, March 10, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်တပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ကျနော်တို့ကတော့ အမျိုးသားရေးအတွက် တိုင်းရင်းသားတခုတည်း မဟုတ်ဘူး ဗမာအမျိုးသားအပါအဝင် လွတ်လပ်ဖို့ ကျနော်တို့ ကြိုးစားနေတာဘဲလေ ဘယ်လိုပြောရမလဲ အဲ့တာက အာဏာရှင်ကလည်း မပြုတ်မချင်းတော့ ရှုပ်ဦးမှာဘဲလေ၊ ဆိုးဝါးဦးမယ်။ အဲ့ဒီစစ်ကောင်စီကို မင်းအောင်လှိုင်ကို အပြုတ်ချမှဘဲ ဗမာပြည်အပါအဝင် ကျနော်တို့တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေးရမလား ရှိသေးတယ်လေ”

ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်နဲ့ ထိုင်း-ကရင်နီ နယ်စပ်က စစ်ရေးအခြေအနေတွေ၊ တပ်စခန်း သိမ်းပိုက်မှု အခြေအနေတွေနဲ့ လုံခြုံရေး အခြေအနေတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

မေး။ ။ KA အနေနဲ့ နယ်စပ်မှာရှိတဲ့ တောင်ကတုံးစခန်းပေါ့နော်၊ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီရဲ့ တောင်ကတုံးစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့တုန်းက သိမ်းပိုက်လိုက်နိုင်ပြီဆိုတော့ လက်ရှိနယ်စပ်တကြောက စစ်ကောင်စီတပ်စခန်းတွေအားလုံး ကင်းစင်သွားပြီလို့ ပြောလို့ရမှာပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ နယ်စပ်တကြောလုံး ကင်းစင်သွားပြီလို့ ပြောလို့ရပါတယ်။ အတည်ပြုလို့ရတယ်လေ။ ဒါပေမဲ့ လေယာဉ်ကိစ္စကတော့ လုံခြုံရေးအတွက်ကတော့ နည်းနည်း အခက်အခဲရှိတယ်ပေါ့နော်။ဟုတ်ကဲ့ပါ။

မေး။ ။ အဲ့ဒီတောင်ကတုံးက အရင်တုန်းက KA အထိုင်ချခဲ့တဲ့နေရာလို့ ကျမတို့ သိရတာပေါ့နော်။ အဲ့ဒီအကြောင်းလေး နည်းနည်းရှင်းပြပေးပါဦး။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီတောင်ကတုံးကျတော့ ကျနော်တို့ ၁၉၉၃ ခုနှစ်မှာ ကျနော်တို့ ပန်ယွန်းမှာ စခန်းချခဲ့တယ်။ အဲ့ဒီမှာ ပထမက ကျနော်တို့ ဘယ်လိုပြောရမလဲ။ ဒီ တောင်ကတုံးမှာပေါ့နော် အထိုင်စက်ပေါ့နော်။ တောင်ကတုံးမှာက အထိုင်စက်ပေါ့နော် ဟိုဘက်မှာ ဒီစီကုန်း ရှိသေးတယ်။ သစ်တောထဲမှာ ကျနော်တို့ ၁၉၉၃ ခုနှစ်ကတည်းက လာပြီးတော့ တည်ခဲ့တဲ့စခန်း ဖြစ်တယ်။

မေး။ ။ စစ်ကောင်စီက အဲ့ဒီစခန်းကို ဘယ်တုန်းက ရသွားတာလဲ။

ဖြေ။ ။ ကျနော်တို့က ဒီစခန်းက ၁၉၉၆ ခုနှစ်မှာ ခြောက်နှစ်ဘဲ ကျနော်တို့နေပြီးတော့ ၁၉၉၆ ခုနှစ်မှာ စကခ (၇)က စခန်းလာသိမ်းသွားတယ်ပေါ့နော်။ ကျနော်တို့က လက်လွတ်ဆုံးရှုံးခဲ့ရတယ်ပေါ့နော်။ အဲ့စခန်းက ကျနော်တို့ ၆ နှစ်ဘဲ နေလာခဲ့တယ်ပေါ့နော်။ ဟုတ်ကဲ့။

မေး။ ။ နယ်စပ်မှာက စစ်ကောင်စီတပ်စခန်း ကင်းစင်သွားပြီလို့ပြောလို့ရတယ်ဆိုတော့ လူထုတွေရဲ့ သွားလာလှုပ်ရှားမှုအခြေအနေ၊ ပြီးတော့ နယ်စပ်မှာရှိနေကြတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေက လုံခြုံရေးအရ ဘယ်လောက်ထိ အဆင်ပြေပြီလို့ပြောလို့ရလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီစစ်ကောင်စီရဲ့  ကင်းစင်မှု၊ စစ်တပ်တွေ မရှိတော့တာ ဟုတ်တယ်။ မှန်ပါတယ်။ ဒါပေမဲ့ လူထုအတွက်လုံခြုံရေးကတော့ ကျနော်တို့ ကြိုးစားပြီးတော့ ပြန်လည်နေရာချထားဖို့ ရှိတယ်လေ။ ဒါပေမဲ့ ကျနော်တို့ ရန်က လေယာဉ်ကြောင့်ပေါ့။ ဗုံးကြဲတဲ့ ကိစ္စဝိစ္စကတော့ အာမ မခံနိုင်ဘူးပေါ့နော်။ ရန်သူကတော့ မရှိတော့ဘူးလို့ ပြောလို့ရပါတယ်။ ထောက်ခံချက်ကတော့ အာမခံလို့ရပါတယ် အတည်ပြုလို့ရပါတယ်။

မေး။ ။ ဒီနယ်စပ်မှာ ပြောရမယ်ဆိုရင် ကရင်နီအတွက် ဒီလိုမျိုးနယ်စပ်တကြော စစ်ကောင်စီတပ်စခန်း ကင်းစင်သွားခြင်းအားဖြင့် စစ်ကောင်စီရန်ကနေ ကရင်နီလူထုတွေက ဘယ်လောက်ထိ လျော့သွားပြီလို့ သုံးသပ်လို့ရလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ စစ်ကောင်စီရန်က ဘယ်လောက်လျော့သွားပြီလဲဆိုတာက အားလုံးကတော့ ခုနပြောပြီးပြီလေ။ ကျနော်တို့လူထုတွေက နေရာပြန်ချထားနိုင်ဖို့ ကျေးရွာပြန်နိုင်ဖို့တော့ ကျနော်တို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အပေါ်(လေယာဉ်)က တခုတော့ စိုးရိမ်စရာရှိတယ်ပေါ့နော်။ အဲ့တာ တခုဘဲ။ ရန်ကတော့ မရှိတော့ဘူးပေါ့။ မိုင်းလည်း အဲ့လောက်မရှိတော့ပါဘူး။ ဘယ်လိုပြောရမလဲ တာဝန်ခံမရှိဘူးပေါ့နော် လေယာဉ်ဗုံးကြဲတဲ့ ကိစ္စကတော့ စိုးရိမ်စရာရှိတယ်ပေါ့နော်။

မေး။ ။ နယ်စပ်တကြောသွားလာနေတဲ့ လူထုတွေကိုကော ဗိုလ်မှူးအနေနဲ့ ဘယ်လိုမျိုး      သတိပေးစကား ပြောကြားချင်သေးလဲ။        

ဖြေ။ ။ နယ်စပ်တကြော သွားလာနေသူတွေက လူထုအတွက်၊ ကိုယ့်ရပ်ရွာအတွက်၊ စားဝတ်နေရေးအတွက် သွားလာဖို့တော့ လိုနေတာပေါ့။ ဒါပေမဲ့ သွားလာတဲ့ကိစ္စဝိစ္စက မူးယစ်ဆေးနဲ့ ကင်းစင်လား၊ မကင်းစင်လားဆိုတာ ကျနော်တို့ စစ်ဆေးချက်တော့ ရှိတယ်ပေါ့လေ။ ကျနော်တို့အပေါ်မှာ တော်လှန်ရေးအပေါ်မှာ နားလည်ပေးဖို့တော့လိုတာပေါ့။

မေး။ ။ ဒီတော်လှန်ရေးပေါ့နော်။ နွေဦးတော်လှန်ရေးလို့လူထုတွေ ခေါ်ဝေါ်သမုတ်ကြတဲ့ ဒီတော်လှန်ရေးက လေးနှစ်ကျော်ထိ ရှိလာပြီပေါ့နော်၊ နေရပ်ကိုပြန်ချင်ကြတဲ့ လူထုတွေလည်းရှိတယ် ဆိုတော့ဒီအပေါ်မှာ စစ်ရေးဘက်က ပုဂ္ဂိုလ်အနေနဲ့ လူထုကို ဘယ်လိုအားပေးစကားဖြစ်ဖြစ်ပေါ့ ဘယ်လိုပြောချင်လဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့တော်လှန်ရေးလုပ်တာ လူသတ်သမား လုပ်နေတာမဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီပြည်နယ်က ကိုယ့်ဖာသာကို သီးခြားနေတဲ့ ပြည်နယ်တခုပါ။ စစ်ကောင်စီက ငါတို့ပြည်နယ်ကို ကျူးကျော်ပြီးတော့မှ လူတွေကိုသတ်ဖြတ်နေတယ်၊ တိုင်းပြည်ကို ပျက်အောင်လုပ်တယ်၊ ဗုံးကြဲတယ်ဆိုတော့ အဲ့တာက တရားမဝင်ဘူးပေါ့လေ။ အတတ်နိုင်ဆုံးတော့ ကျနော်တို့က လူထုတွေ ပြန်လည်နေရဖို့အတွက် ကြိုးစားပြီးတော့မှ နေရာဒေသ နည်းနည်းလုံခြုံတဲ့  ဒီဒေသက မြို့နယ်တွေထဲမှာ ကျနော်တို့လူထုကို ပြန်နေဖို့ စားဝတ်နေရေးအတွက် နေပြီး လုပ်စားရဖို့အတွက်၊ ကြိုးစားပြီးတော့ ပြန်လည်နေရာချထားရေးအတွက် ကျနော်တို့လုပ်နေပါတယ်။ ဒါပေမဲ့ လုံခြုံမှုဆိုတာကတော့ အာမမခံနိုင်ဘူး။ မြေပေါ်မှာတော့ လုံခြုံမှု အာမခံ နိုင်တယ်လေ။ ဒါပေမဲ့ လေယာဥ်နဲ့ လာကြဲတာတော့ ဘယ်တတ်နိုင်မလဲ၊ အဲ့တာတခုတော့ ကျနော်တို့အတွက် အခက်အခဲဖြစ်တာပေါ့။ ဟုတ်ကဲ့ပါ။

မေး ။ ။ အခုဆိုလို့ရှိရင်လည်း တိုက်ပွဲမဖြစ်တဲ့နေရာ စစ်ရှောင်စခန်းတွေ စစ်ရှောင်တွေ လူထုတွေနေတဲ့ နေရာကို အချိန်နဲ့အမျှ လေယာဉ် ဗုံးကြဲနေတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ စစ်ကောင်စီက လုပ်နေဆဲဘဲဆိုတော့ ဗိုလ်မှူး။ သူတို့ဘာကြောင့် ဒီလိုလုပ်တာလဲ ၊ ပြီးတော့လူထုတွေအနေနဲ့ အဲ့ဒီရန်တွေကနေ အတတ်နိုင်ဆုံး ကာကွယ်နိုင်ဖို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဘာတွေလုပ်ဖို့လိုအပ်မလဲ။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့က လူထုတွေဆိုတော့ ဘာမှကာကွယ်နိုင်ဖို့တော့ မရှိဘူး။ ဗုံးခိုကျင်းလုပ်တာလည်း အစဉ်အလာ မဟုတ်ဘူးလေ။ အခုခေတ်မှ ပုန်းခိုကျင်းလုပ်တယ်၊ လေယာဉ်ပုန်းခိုကျင်း လုပ်ခိုင်းတယ်ဆိုတော့ လူထုအတွက်လည်း အခက်အခဲဖြစ်တယ်ပေါ့နော်။ ဒီရန်ကာကွယ်ဖို့ကတော့ ကျနော်တို့က ကံတရားဘဲ ပြောရမှာပေါ့နော်။ အဲ့တာတွေကဘဲ ကျနော်တို့ အဓိကထားပြီး ဘယ်လိုပြောရမလဲသတိထားပြီး နေတဲ့နေရာမှာက ကျနော်တို့အနေနဲ့ လုံခြုံနိုင်အောင် ကြိုးစားပြီးနေဖို့ လူထုကိုကျနော်ပြောချင်တယ်။ ဟုတ်ကဲ့ပါ။

မေး ။ ။ ဟုတ်ကဲ့။ ဆိုတော့စစ်ရေးအနေနဲ့ပေါ့နော် ဗိုလ်မှူး။ စစ်ကောင်စီက ဒီလိုမျိုးအရပ်သားတွေကိုဘဲ ပစ်မှတ်ထားနေတာကို ဗိုလ်မှူးတို့စစ်ရေးအနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့က အရပ်သားကို ပစ်မှတ်မထားဘူး။ ရန်သူက စစ်ကောင်စီဘက်ကနေပြီးတော့ အရပ်သားတွေကို ပစ်မှတ်ထားပြီး လုပ်တဲ့ကိစ္စက ဒါကတော့ မတရားဘူးလေ။ ဒါပေမဲ့ ဘာတတ်နိုင်မလဲ။ ကျနော်တို့ကလည်း ဒီပြည်နယ်ကလေး တော်လှန်ရေးဆိုတာကလည်း လူသတ်သမား မဟုတ်ဘူးလေ၊ ငါတို့လွတ်လပ်ရေးအတွက် ပြည်သူအတွက် အေးဆေးနေဖို့ ကျနော်တို့ တော်လှန်ရေး လုပ်နေတဲ့ကိစ္စပါဘဲ။ အဲ့တော့ ဗုံးကြဲတဲ့ကိစ္စဝိစ္စလည်း ဒါက မကောင်းဘူးပေါ့။ ကမ္ဘာကလည်း သိတာဘဲ ဒါမဲ့ဘာမှမပြောချင်လို့ ကျနော်တို့လည်း ဘယ်တတ်နိုင်မလဲ။ ဒါမဲ့ ဒီကိစ္စဝိစ္စကိုတော့ ကမ္ဘာက သိအောင် ကျနော်တို့ဆက်ပြီးတော့မှ ကြိုးစားပြီးတော့၊ ဖော်ထုတ်ပြီးတော့ မလုပ်နိုင်အောင် မကြဲနိုင်အောင် ကျနော်တို့မှာ လိုလားတာပေါ့။ ဒါပေမဲ့ လူတွေက လောကမှာက အာဏာရှင်ဘဲကော။ အာဏာရှိရင် တိုင်းပြည်က သူ့ဟာသူ လုပ်ချင်သလို လုပ်တာဘဲလေ မကြိုက်ဘူးပေါ့နော်။ ဗုံးကြဲတဲ့ကိစ္စဝိစ္စနဲ့ ပတ်သတ်ပြီးကတော့ ကျနော့်အနေနဲ့ ကျနော်လုံးဝမကြိုက်ဘူး မလိုချင်ဘူးပေါ့။ အဲ့တာနဲ့ပတ်သတ်ပြီးတော့ ပြောရမယ်ဆိုတော့ လူထုထိခိုက်တယ်လေ၊ တော်လှန်ရေးလုပ်တဲ့လူက တော်လှန်ရေးလုပ်တာ အရူးထလုပ်တာ မဟုတ်ဘူး။ ကိုယ့်အမျိုးသားအတွက် ကိုယ့်နယ်မြေအတွက် လုံခြုံရေး လိုလို့ဘဲ။ မပြည့်ဝလို့ဘဲ ကျနော်တို့ လုံခြုံရေးလိုချင်လို့ လွတ်လွတ်လပ်လပ်နေချင်လို့ဘဲ၊ တော်လှန်ရေးလုပ်တယ်ဆိုတာက အာဏာရှင်ကိစ္စ လက်ဝါးကြီးအုပ်တဲ့ လူမျိုးတစုကို ပြုတ်အောင် ကျနော်တို့ တိုက်ဖို့လိုတယ်။ အဲ့တာဘဲ ကျနော်ပြောချင်တယ် ဟုတ်ကဲ့ပါ။

မေး။ ။ ဆိုတော့ ဒီလိုမျိုး လေယာဉ်တွေ၊ လက်နက်ကြီးတွေပေါ့နော်‌။ စစ်ကောင်စီကနေ အရပ်သားတွေကို ပစ်မှတ်ထားလာတဲ့ ဒီ လေးနှစ်တာကာလအတွင်းမှာက ကရင်နီတွေအတွက်က ဘယ်လောက်ထိ ဆိုးဆိုးရွားရွားဖြစ်တယ်လို့ ပြောလို့ရလဲ။ ဥပမာ ဗိုလ်မှူးအနေနဲ့ဆိုလို့ရှိရင် ဒီတော်လှန်ရေးကာလတလျောက်ရဲ့ ဒီနွေဦးတော်လှန်ရေး လေးနှစ်တာအတွင်းမှာ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့လုပ်ရပ်က ဘယ်လောက်ထိ ဆိုးရွားနေတယ်လို့ ပြောလို့ရလဲ။

ဖြေ။  ။ဟုတ်ကဲ့ပါ။ ဘယ်လောက်ထိဆိုးဝါးလဲ ဆိုတာက ဟို ဘယ်လိုပြောရမလဲပေါ့ ဒီဗုံးကြဲတဲ့ကိစ္စက လူထုအတွက်လည်း ကယောင်ခြောက်ခြားဖြစ်တယ်။ ကလေးငယ်တွက်လည်း စိတ်ထိခိုက်တာပေါ့။ အဲ့တော့ လေးနှစ်အတွင်းမှာက ကျနော်တို့ကယားပြည်နယ်မှာ ဗုံးကြဲတာက အကြိမ်ပေါင်း ကိုးရာ၊ တထောင်ကြိမ်လောက်ရှိပြီ။ ကျနော်တို့ပြည်နယ်မှာ ကျဉ်းကျဉ်းလေးဘဲ တခြားပြည်နယ်မှာက ငါတို့ကယားပြည်လောက်မကြဲဘူး။ ဆိုတော့ ထိခိုက်တဲ့ ကိစ္စဝိစ္စက ပြောစရာတွေတော့ အများကြီး ရှိတယ်ပေါ့လေ။ ဘယ်လိုပြောရမလဲ အကုန်လုံး ပျက်စီးကုန်ပြီပေါ့လေ။ ရွာတွေ၊ လူထုတွေ အခုထိဘဲ ဒီနေ့အထိဘဲ။

မေး။ ။ ဗိုလ်မှူးရဲ့ တော်လှန်ရေးလုပ်လာတဲ့ကာလတလျှောက်လုံး နွေဦးတော်လှန်ရေးမှာ အရပ်သားပေါ်ပစ်မှတ်ထားတာက အဆိုးရွားဆုံးလို့ ပြောလို့ရလား။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ အဆိုးရွားဆုံးပါ၊ ကျနော် တော်လှန်ရေးလုပ်တာ သက်တမ်း (၅၄) နှစ်ရှိပြီ။ ကိုယ်စတင်ခဲ့တဲ့လမ်းက ခုထိ(၅၄) နှစ် ရှိပြီဆိုတော့ ဒီနေ့ဒီအချိန်မှာက ကျနော်တို့လူထုတော်လှန်ရေး နွေဦးတော်လှန်ရေးက ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ တော်တော်အဆိုးရွားဆုံး အခြေအနေလို့ ပြောလို့ရတယ်။ ဒီကိစ္စဝိစ္စကတော့ မကောင်းဘူးပေါ့။ အဲ့တာမှတ်တမ်းတင်ရမယ်။

မေး။ ။ ဗိုလ်မှူးတို့အနေအထားနဲ့ စစ်ရေးဘက်ကိုသွားတယ်ဆိုတော့ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ်ပစ်မှတ်ထားတဲ့ ကျူးလွန်မှုတွေကိုကော ဗိုလ်မှူးတို့အနေနဲ့ နိုင်ငံတကာကိုကော တင်ပြတာမျိုးတွေရှိလား။

ဖြေ။ ။ ကျနော်တို့ကတော့ နိုင်ငံတကာတွေ စစ်ကောင်စီတွေကျူးလွန်တဲ့ပြစ်မှုတွေတော့ အများကြီးရှိတာပေါ့။ နိုင်ငံတကာကလည်း သူတို့ကိုထောက်ခံသလိုဘဲ၊ ရွှေရှိမှ၊ အာဏာရှိမှ ဖြစ်တဲ့ကိစ္စက လူထုကိစ္စနဲ့ပတ်သက်ပြီးတော့မှ ငါတို့က ပြောချင်တယ်လေ။ ဒါပေမဲ့ လူတွေက ပိုက်ဆံရှိရင် အာဏာရှိရင်တော့ ဒီလိုဘဲလုပ်သွားကြတယ်ဆိုတော့ ဘယ်လိုပြောရမလဲ၊ အဲ့တာ တော်တော်အခက်အခဲဖြစ်တယ်။ အဲ့တာ ကမ္ဘာကိုပြောရင်လည်း ကမ္ဘာကလည်း သိချင်မှသိမယ်။ မသိရင်လည်း မသိဘူးပေါ့။ ဒီတိုင်းပြည်က တော်တော်ပျက်စီးနေပြီ။ ၁၉၄၈ ခုနှစ်ကနေ အခုထိ တိုက်ပွဲဖြစ်လာတဲ့ လူတွေဆိုတော့ ဘယ်လိုပြောရမလဲ ကမ္ဘာ့နိုင်ငံကလည်း သိချင်တဲ့လူလည်းရှိမယ်၊ မသိတဲ့လူလည်းရှိမှာပေါ့။ ဘယ်လိုပြောရမလဲ တော်တော် အခက်အခဲဖြစ်တယ်။ ကျနော်တို့ကတော့ အမျိုးသားရေးအတွက် တိုင်းရင်းသားတခုတည်း မဟုတ်ဘူး။ ဗမာအမျိုးသားအပါအဝင် လွတ်လပ်ဖို့ ကျနော်တို့ ကြိုးစားနေတာဘဲလေ။ ဘယ်လိုပြောရမလဲ အဲ့တာက အာဏာရှင်ကလည်း မပြုတ်မချင်းတော့ ရှုပ်ဦးမှာဘဲလေ၊ ဆိုးဝါးဦးမယ်။ အဲ့ဒီစစ်ကောင်စီကို မင်းအောင်လှိုင်ကို အပြုတ်ချမှဘဲ ဗမာပြည်အပါအဝင် ကျနော်တို့တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေးရမလား ရှိသေးတယ်လေ။

မေး။ ။ နောက်တခုအနေနဲ့ ဗိုလ်မှူး။ ဒီနယ်စပ်က တပ်စခန်းအခြေအနေကို ပြန်မေးချင်တယ်ပေါ့နော်။ ဆိုတော့ ဒီတောင်ကတုံးကနေ တပ်ဆုတ်သွားတဲ့တချို့တပ်သားတွေဆိုလည်း ရှမ်း-ကရင်နီ-ထိုင်း ဒီနယ်စပ်မှာရှိတဲ့ လွိုင်ဆမ်မုန်းထဲကို သွားပြီး ခိုလှုံတယ်လို့သိရတယ်ပေါ့နော်။ အဲ့ဒီ လွိုင်ဆမ်မုန်း စခန်းကကော ကရင်နီအတွက် ဘယ်လောက်ထိစိုးရိမ်စရာ ခြိမ်းခြောက်မှုတခုလိုမျိုး ဖြစ်နေနိုင်မလား။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီလွိုင်ဆမ်မုန်းကတော့ နယ်စပ်လမ်းကြောင်းလေ။ နံပါတ် (၁) က လွိုင်ဆမ်မုန်းဘဲ၊ အဲ့ဒီတော့ ငါတို့က ဒီကိစ္စဝိစ္စ မောင်းထုတ်မှရမယ်၊ လုံခြုံရမယ်။ ကရင်နီ/ကယားပြည် လုံခြုံဖို့အတွက်က နယ်စပ်လမ်းကြောင်းတွေ အကုန်လုံးတားထားနိုင်မှ ပိတ်ထားနိုင်မှ လုံခြုံမယ်လေ။ အဲ့ဒီတော့ လွိုင်ဆမ်မုန်းက အရေးကြီးပါတယ်။ ကျနော်တို့က ဖယ်ခိုင်းမယ်လေ၊ မဖယ်လည်းချပေါ့ကွ၊ ဒီလိုဘဲရှိတယ် ကျနော့်စိတ်ဓာတ်က၊ ကျနော်က လူသတ်သမားမဟုတ်ဘူး။ ဒါပေမဲ့ လူဖျက်သမားတွေကတော့ သူတို့ကို ကိုင်ရမယ်လေ ဒါဘဲပေါ့။

မေး။ ။ ဟုတ်ကဲ့။ နောက်ဆုံးမေးခွန်းအနေနဲ့ပေါ့နော် ဒီနွေဦးတော်လှန်ရေးမှာပါဝင်လာတဲ့ တပ်သားတွေ ရဲဘော်တွေ ဖြစ်စေ အရင့်..အရင်ကတည်းက ဒီတော်လှန်ရေးကို ခြေလှမ်း လှမ်းနေတဲ့ ရဲဘော်တွေ ဖြစ်စေပေါ့။ ဗိုလ်မှူးအနေနဲ့ နောက်ဆုံး အားပေးစကား ဘာပြောချင်လဲပေါ့။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီနွေဦးတော်လှန်ရေးဆိုတာက ပေါက်စကလေးပေါ့။ အထင်မသေးပါဘူး။ ကျနော်တို့က တော်လှန်ရေးလုပ်တာက ဟိုး….၄၈ ကတည်းက တော်လှန်ရေးလုပ်နေတဲ့ လူတွေလည်း ပါတယ်ပေါ့နော်။ ကျနော်လည်းအပါအဝင်ပေါ့။ အသက်လည်းကြီးပြီလေ ၇၀ ကျော်ပြီလေ။ အဲ့တော့ နွေဦးတော်လှန်ရေး လာလုပ်တဲ့ကလေးတွေကတော့ ကျေးဇူးတင်တယ်။ အများကြီးဂုဏ်ပြုတယ်။ အသိအမှတ်ပြုတယ်ပေါ့။ အဲ့တော့ ကျနော်တို့ ပြည်နယ်အတွက် လူထုအတွက် အလုပ်လုပ်တယ် အဲ့လိုဘဲ ကျနော်အသိအမှတ်ပြုတယ် အလေးပြုတယ်။ ဘယ်လိုပြောရမလဲ တာဝန်ယူဆောင်တယ်ပေါ့။ ကိုယ့်အမျိုးသားရေးအတွက် ပြည်နယ်အတွက် လုံခြုံရေးတွေက လုပ်တာက အများကြီးတော့ ကျနော့်အနေနဲ့ အသိအမှတ်ပြုတယ်၊ လေးလည်း လေးစားတယ်၊ ဂုဏ်လည်းပြုပါတယ်။

ဟုတ်ကဲ့ ဗိုလ်မှူးကြီး..အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

spot_img
spot_img
spot_img

Recent posts