ခွန်းကလိုင်းဖရီး၊ စိုးထိုက်အောင်
တစ်ရွာလုံးသုံးဖို့အတွက် ဆောက်လုပ်ထားတဲ့ ရေလှောင်ကန်အထိ ရေပိုက်နဲ့ သွယ်ယူလာတဲ့ စိမ့်စမ်းရေတွေ ဒီဖေဖော်ဝါရီလထဲမှာတောင် ရေအားက အတော်လေးအားနည်းသွားပါတယ်။
တောင်ယာလုပ်ငန်းကို အဓိကမှီခို လုပ်ကိုင်တဲ့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ လောကျေခူဒေါသဲကျေးရွာက တောင်သူတွေဟာ အလုပ်ထဲကို အချိန်မီ ရောက်နိုင်ဖို့ သောက်သုံးရေတွေကို မနက်အစောကြီးကတည်းက သွားခပ်ကြရပါတယ်။
လောကျေခူဒေါသဲကျေးရွာသူ ဒေါ်ဆူမာက “မနက်အစောကြီးတောင်ယာလည်း လုပ်ရတယ်ဆိုတော့ မနက် ၄ နာရီလောက်ကတည်းက ထပြီးတော့ သွားရတာပေါ့နော်။ တခါတလေသူများ အလုပ်များတဲ့အချိန်ကျရင် မသွားနိုင်ဘူး။ ကိုယ့်ဟာကိုယ်သွားလုပ်ရင်တော့ အေးအေးဆေးဆေးသွားခပ်ပြီးတော့ ရေခပ်ပြီးကျမှ အလုပ်သွားအဲ့လိုမျိုး” လို့ ပြောပါတယ်။
ဒေါ်မူဆူတို့ မိသားစုမှာ ရေခပ်ပေးမယ့် ယောင်္ကျားလေးမရှိတာကြောင့် နံနက် ၄ နာရီလောက်ကျမှ ရေခပ်ထွက်ပေမယ့် ယောင်္ကျားလေးရှိတဲ့ အိမ်တွေခါကျတော့ နံနက် ၂ နာရီ၊ ၃ နာရီလောက်ကတည်းက ရေခပ်နေကြပါပြီ။
နေ့စဉ်သောက်သုံးရေရရှိရေးအတွက် ခြေလျင်ခရီးနဲ့ ရေလှောင်ကန်အထိ အသွားအပြန်ခရီး နာရီဝက် လောက်ကြာတယ်လို့ ဆိုပါတယ်။
လောကျေခူဒေါသဲကျေးရွာက အသုံးပြုနေတဲ့ စိမ့်စမ်းရေထွက်ပေါက်ကနေ ပင်မရေလှောင်ကန်ကြီး တစ်ကန်တည်ဆောက်ထားပြီး အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၅ ရွာကို ခွဲဝေပို့လွှတ်ပေးနေရပါတယ်။
“ခွဲယူရခါကျတော့ အခြေအနေတော့သိပ်မဟန်ဘူးပေါ့။ တစ်ခါတစ်လေကျတော့လည်း ရေကလည်း လုံလောက်မှုမရှိဘူး။ တစ်ခါတစ်လေကျတော့လည်း လုံလောက်မှုရှိတယ်။ ကျနော်ဒီရက်ကျတော့ ရေထွက် ပေါက်ဘေးမှာ ကျနော်သွားကြည့်တယ်။ ရေထွက်အားတော်တော်လေးကို နည်းနေတယ်။”လို့ ကျေးရွာလူငယ် ကိုရှားရယ်က ပြောပါတယ်။
လောကျေခူဒေါသဲကျေးရွာဟာ အိမ်ခြေ ၃၀ ကျော်နဲ့ လူဦးရေ ၁၀၀ ကျော်ရှိပြီးတော့ စပါး၊ ပြောင်းနဲ့ မြေပဲကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
ရေပိုက်တွေပျက်ပြီး ရေမလာတော့တဲ့ အခါတွေမှာဆိုရင် ဒီကျေးရွာမှာရှိတဲ့ အိမ်ခြေ ၃၀ ကနေ တစ်လှည့်စီအလှည့်ကျ ရေပိုက် ပြုပြင်ထိန်းသိမ်းတာကို ပြုလုပ်ရပါတယ်။
တခါတရံ ရေပိုက်ပျက်လို့ ရေပြတ်လပ်သွားတဲ့အခါမှာ တခြားရွာတွေအထိ သွားခပ်ယူကြပေမယ့် တခြားရွာတွေကလည်း သူတို့နည်းတူ ရေရှားပါးလို့ ရေလာမခပ်ကြဖို့ အပြောခံရတဲ့ အခါတွေလည်း ရှိတယ်လို့ ဦးဟေရယ်က ဆိုပါတယ်။
“သုံးဖို့ သောက်ဖို့အတွက်ဆိုတော့ တချို့လည်း ထမင်းအိုးထည့်ဖို့၊ ထည့်ဖို့ ချက်ဖို့လည်း တချို့က မရှိသေးဘူး။ မရှိဘူးဆိုတော့ ဝယ်စား၊ ဟိုးအဝေးက သွားခပ်တယ်။ တချို့က လူလည်း အမျိုးမျိုးရှိတယ်နော်။ ဒီမှာလာမခပ်နဲ့ ရေလည်းရှားနေတယ်။ အဲ့ဒါတချို့လည်း ပြောတယ်။”
ဒီလိုရေရှားပါးတာကြောင့် ကျေးရွာလူထုတွေ ရေပုံမှန်မချိုးနိုင်လို့ တကိုယ်ရေသန့်ရှင်းရေးအပိုင်းလည်း အားနည်းနေကြတယ်လို့ ဆိုပါတယ်။
မိုးရာသီမှာ မိုးရေတွေကို မိုးကာခံပြီး စုဆောင်းကြတဲ့ အိမ်တွေရှိပေမယ့် ဒီနှစ်က မိုးရွာသွန်းမှုနည်းတာကြောင့် သိုလှောင်ထားတဲ့ မိုးရေတွေကို အစောပိုင်းကတည်းက အသုံးပြုနေရတာကြောင့် နွေအထိ မခံပဲ ရေကုန်သလောက်ဖြစ်နေသူတွေလည်း ရှိပါတယ်။
“တခါတလေက ရေရှားတာပေါ့နော်။ တခါတလေက အဝေးက သွားတင်လာတယ်လေ။ ရေဒီမှာ အဆင်ပြေရင်တော့ ဒီမှာခပ်တယ်။ မပြေရင်တော့ အဝေးကြီးသွားခပ်တယ်။ စက်နဲ့တင်လာတယ်။”လို့ ဦးလှချေးက ဆိုပါတယ်။
အရင်လကပဲ ရေအလှူရှင်တွေကနေ တစ်ကြိမ် ရေလာရောက်လှူဒါန်းပေးခဲ့လို့ အိမ်ထောင်စုအလိုက် ခွဲတမ်းနဲ့ ဝေပေးနိုင်ခဲ့လို့ ရေလှောင်ကန်ထဲကရေတွေကို ချွေတာနိုင်ခဲ့တယ်လို့ ကျေးရွာရပ်မိရပ်ဖတွေက ဆိုပါတယ်။
လာမယ့် နွေရာသီမှာ သောက်သုံးရေမလုံလောက်မှာကို စိုးရိမ်တဲ့အတွက် ရေလှောင်ကန်မှာ ရေချိုးခွင့်မပေးပဲ သောက်သုံးသောက်ရေအတွက်သာ ခပ်ယူကြဖို့ သတ်မှတ်ထားပါတယ်။
မိသားစုသောက်သုံးရေအတွက်အပြင် ကျွဲ၊နွားတိရိစ္ဆာန်တွေ မွေးမြူထားတဲ့ ကျေးရွာလူထုတချို့တော့ ၁၀၀၀ လီတာရေပုံးတစ်ပုံးကို တစ်သောင်းကျပ်နဲ့ ပေးဝယ်နေကြရပါတယ်။
ကျေးရွာသူ ဒေါ်ဆူမာက “ကျမတို့ ဒီရွာက တချို့က နွားတွေလည်းမွေးတာကော။ နွားတွေကလည်း ရေမသောက်ရတော့ တချို့နွားကလေးတွေဆို သေကုန်တယ်လေ။ ကြာလာရင် ဒီလိုပဲ ဆက်ဖြစ်ရင်တော့ ကိုယ့်ကို ရေလှူမယ့်လှူလည်းမရှိ၊ ရောင်းမယ့်လူလည်း နောက်ဆုံးမရှိရင်တော့ လူလည်း အသက်အန္တရာယ်ဆုံး ရှုံးနိုင်တာပေါ့”လို့ ပြောပါတယ်။
နွေသုံးဖို့အတွက် ရေအခက်အခဲဖြစ်လာနိုင်တာကြောင့် ရွာသူ၊သားတွေကပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကြိုးပမ်းရမယ့် ဖြေရှင်းရမယ့် အခြေအနေဖြစ်နေတယ်လို့ ဦးလှချေက ဆိုပါတယ်။
“ရေကန်ရှိတော့ သွားခပ်ပြီး ပြန်စုပေါ့။ နော်၊ ကျနော်ထင်တာပေါ့။”
အခုလို ရေရှားပါးတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရ ဌာနဆိုင်ရာတွေကို တင်ပြခဲ့တာရှိပေမယ့်လည်း ဒီနေ့အထိ ထူးခြားတာမရှိသေးဘူးလို့ ဆိုပါတယ်။
လောကျေခူဒေါသဲကျေးရွာက အသုံးပြုနေတဲ့ ရေလှောင်ကန်ဟာ နိုင်ငံတကာအလှူရှင်အဖွဲ့တစ်ခုက လာရောက် ထောက်ပံ့ကူညီဆောက်လုပ်ပေးထားတဲ့ ရေကန်ဖြစ်ပါတယ်။ အဲ့ဒီရေလှောင်ကန် အနီးအနားမှာပဲ ကျေးလက် ဦးစီးဌာနက ဆောက်လုပ်ပေးထားတဲ့ ရေလှောင်ကန်တစ်လုံးရှိပေမယ့် တည်ဆောက်ပြီး သိပ်မကြာပဲ ကန်က ရေယိုစိမ့်မှုဖြစ်လို့ အသုံးပြုလို့မရပဲ ဒီအတိုင်းပဲ ထားထားနေရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ကျေးရွာလူထုတွေက လက်ရှိအသုံးပြုနေတဲ့ ရေလှောင်ကန်မှာပဲ သောက်သုံးရေ ရရှိဖို့အတွက် နံနက်အစောကြီးထပြီး အလုပ်မသွားခင် ရေခပ်ဆင်းနေကြရတာဟာ နေ့စဉ်ပြုလုပ်နေကြ လုပ်ငန်းတစ်ခုလို ဖြစ်နေပါတယ်။